Saturday, September 6, 2014

မိကျောင်းကန်သပိတ်ခေါင်းဆောင် ဦးစိန်သန်းမှာ အပြစ်မရှိဟု သက်သေနှစ်ဦးထွက်ဆို

နန်းမြင့်

ငိမ်း၊ စု၊ စီ ပုဒ်မ-၁၈ဖြင့် ကျောက်တံတား မြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေရသည့် မိကျောင်းကန် သပိတ်ခေါင်းဆောင် ဦးစိန်သန်းသည် အပြစ်မရှိဟု တရားခံပြသက်သေများက ထွက်ဆိုလိုက်ပြီး စက်တင်ဘာ ၁၀ရက်တွင် အမိန့်ချနိုင်ဖွယ်ရှိဟု ဦးစိန်သန်း၏ အကျိုးတော်ဆောင် တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးထွန်းက ပြောသည်။

စက်တင်ဘာ ၅ရက်က ကျောက်တံတားမြို့နယ်တရားရုံးတွင် ခံပြသက်သေနှစ်ဦး၏ ထွက်ဆိုချက်များကို ကြားနာခဲ့သည်ဟု ရှေ့နေက ဆိုသည်။

အဆိုပါအမှုမှာ မေလ ၂၁ရက်က လသာမြို့နယ် စည်ပင်တရားရုံးသို့ ရုံးချိန်းသွားရောက်ရာတွင် မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒဖော်ထုတ်သူများ ခွင့်ပြုချက်မယူဘဲ စီတန်းဆန္ဒပြခဲ့သည့် အတွက် ကျောက်တံတားမြို့နယ် ရဲစခန်းမှ တရားလိုပြု၍ ဦးစိန်သန်းကို ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုခဲ့သည်။

“ဒီနေ့က ဦးစိန်သန်းကို စစ်တယ်။ ဦးစိန်သန်းက အပြစ်မရှိကြောင်း ဦးစိန်သန်းဘက်က ထောက်ခံတဲ့ ခံပြသက်သေနှစ်ယောက်ကို စစ်တယ်။ ဒီနေ့(စက်တင်ဘာ ၅ရက်)နှစ်ဘက်လျှောက်လဲချက် အပြန်အလှန်ပေးတယ်။ တစ်ဖက်က လုပ်ထုံးလုပ်နည်းအရ အပြစ်ရှိကြောင်းပြောတယ်။ အဲဒီအပေါ်မှာ အပြစ်ရှိတယ် မရှိဘူးဆိုတာ တရားရုံးက ဆုံးဖြတ်မယ်။ စက်တင်ဘာလ ၁၀ရက်မှာ ရုံးချိန်း ပြန်ခေါ်ထားတယ်” ဟု ရှေ့နေဦးအောင်စိုးထွန်းက ပြောသည်။

ဦးစိန်သန်းကို ပုဒ်မ-၁၈ဖြင့် သြဂုတ်လ ၁၉ရက်က လသာမြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်လေးလကိုလည်းကောင်း၊ သြဂုတ်လ၂၀ရက် ဗဟန်းမြို့နယ်တရားရုံးမှ ထောင်ဒဏ် လးလကိုလည်းကောင်း၊ သြဂုတ်လ ၂၅ရက်က ပန်းဘဲတန်းတရားရုံးမှ ထောင်ဒဏ်လေးလကို လည်းကောင်း၊ သြဂုတ်လ ၂၉ရက်က ကျောက်တံတား တရားရုံးမှ ထောင်ဒဏ်လေးလကို လည်းကောင်း အသီးသီး ချမှတ်ခံထားရသူဖြစ်သည်။

ဦးစိန်သန်းသည် လသာမြို့နယ်စည်ပင်တရားရုံးတွင်လည်း စည်ပင်ဥပဒေပုဒ်မ-၆၈ဖြင့် တရားရင်ဆိုင် နေရဆဲဖြစ်သည်။

No comments: