မင်းမင်း
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံတကာ မြန်မာ့သတင်းဌာန BNI မှ ထုတ်ဝေသည့် “မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ကို ပုံဖော်ခြင်း” အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင်းဖြစ်ပေါ်ခဲ့သည့် လူအုပ်စုနှစ်ခုကြား ပဋိပက္ခများကြောင့် ငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ နှေးကွေးစေသည်ဟု သုံးသပ်ထားသည်။
ပဋိပက္ခများကြောင့် “ပြုပြင်ပြောင်းလဲမှုများကို နှေးကွေးသွားစေနိုင်သည့် သို့မဟုတ် နောက်ပြန်ဆုတ်စေနိုင်သည့် အန္တရာယ်ပင်ရှိနေပါသည်” ဟု ဖော်ပြထားသည်။
၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ အနောက်ပိုင်းရခိုင်ပြည်နယ်မှ အစပြုပြီး ဆက်လက်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ပြည်တွင်းဒုက္ခသည်ဦးရေကို တိုးပွားစေသကဲ့သို့ ဒုက္ခသည်များ နေရပ်ပြန်လာနိုင်ရေးကိုလည်း ဟန့်တားနေသည်ဟု ဆိုသည်။
ပဋိပက္ခများသည် ဘာသာရေးအစွန်းရောက်ဝါဒကို ဖြစ်ပေါ်စေသည်ဟုလည်း သုံးသပ်ထားပြီး ၉၆၉ လှုပ် ရှားမှု လူကြိုက်များမှု ထောက်ခံမှုတို့ကို ဥပမာပေးထားသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော် ကြီးစိုးနေသည့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ပဋိပက္ခများကြောင့် ကြန့်ကြာနေသည်ဟု အစီရင်ခံစာက ထောက်ပြထားခြင်း ဖြစ်သည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းဦးက “မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ မအောင်မြင်သည့် အချက်များစွာရှိနေပြီး ပဋိပက္ခဖြစ်စဉ်များသည် ယင်းတို့အနက် တစ်ခုသာဖြစ်သည်” ဟု ဆိုသည်။
၎င်းက ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကဏ္ဍတွင် ဌာနဆိုင်ရာဝန်ထမ်းများ၏ တွေးခေါ်မှု၊ လုပ်ဆောင်မှုများ မပြောင်းလဲခြင်း၊ အဂတိလိုက်စားမှုများ ဆက်လက်ရှိနေသေးခြင်းနှင့် စီးပွားရေးစိန်ခေါ်မှုများ ရှိနေခြင်း တို့သည်လည်း ပြုပြင်ပြောင်းလဲမှုကို အဟန့်အတားဖြစ်စေသည်ဟု ပြောသည်။
“အဓိကစိန်ခေါ်တာက စစ်အစိုးရလက်ထက်တုန်းက အမူအကျင့်တွေ၊ အတွေးအခေါ်တွေ၊ အလေ့အကျင့်တွေ ဒါတွေက အခုထိရှိနေတဲ့အခါကျတော့ ပြုပြင်ပြောင်းလဲဖို့ ခက်ခဲ့နေတဲ့သဘော” ဟု ဦးကျော်လင်းဦး က ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီကလည်း ပဋိပက္ခ သည် ပြုပြင်ပြောင်းလဲရေး၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်ဟု သုံးသပ်သည်။
၎င်းက “အဓိက အရေးကြီးတာက ပြည်ထောင်စုအစိုးရထဲမှာရော၊ တိုင်းအစိုးရတွေမှာရော ဒေသခံ အာဏာပိုင်တွေမှာရော တကယ်ပြုပြင်ပြောင်းလဲချင်တဲ့သူတွေ အားနည်းနေတာဟာ ပိုပြီးအရေးကြီး တဲ့ အချက် ဖြစ်နေပါတယ်”ဟု ပြောသည်။
၂၀၁၂ ခုနှစ်၊ ဇွန်လအတွင်း ရခိုင်ပြည်နယ် ကျောက်နီမော်ရှိ မသီတာထွေးဖြစ်စဉ်မှ အစပြုကာ လူအုပ်စု နှစ်ခုကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် ပြည်၊ မိတ္ထီလာ၊ လားရှိုး၊ ကန့်ဘလူ၊ လှည်းကူးနှင့် မန္တလေး စသည်တို့တွင်လည်း ဆက်လက်ဖြစ်ပွားခဲ့ပြီး ပြည်သူများ အသက်ဆုံးရှုံးခြင်း၊ အိုးမဲ့အိမ်မဲ့ ဖြစ်ခြင်းတို့ ကြုံ တွေ့ခဲ့ရသည်။
No comments:
Post a Comment