Friday, September 5, 2014

လူကုန်ကူးခံရသူ အမျိုးသမီးနှစ်ဦး ကားရပ်နားစဉ် ထွက်ပြေးတိုင်တန်း

သက်အောင် (ဇေယျဝတီ)

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ၁၁၅ မိုင် အမြန်လမ်းရဲစခန်းတွင် သြဂုတ်လ ၂၉ ရက် ညပိုင်းက လူကုန်ကူးခံရ၍ ထွက်ပြေးလာသည်ဆိုသော အမျိုးသမီးနှစ်ဦးက လာရောက်တိုင်တန်းခဲ့သည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (၁၉)ရပ်ကွက်၊ သံသုမာလမ်းနေ မxxxxx၊ အသက် (၃၂)နှစ်၊ မxxxxx၊ အသက် (၃၂)နှစ်တို့ကို အမည်မသိအမျိုးသားနှင့် အမျိုးသမီးတို့က တရုတ်နိုင်ငံတွင် အလုပ်လုပ်ရန်ဟု စည်းရုံး၍ ငွေကျပ်တစ်သိန်းစီ ထုတ်ပေးကာ ရန်ကုန်မှ လားရှိုးသို့ ခရီးသည်တင်ကားဖြင့် ခေါ်ဆောင်လာခြင်းဖြစ်သည်။

တိုင်တန်းမှုကြောင့် ၎င်းတို့ လိုက်ပါလာသည့် မော်တော်ယာဉ်ကို စစ်ဆေးရန် ဆောင်ရွက်ရာ သာဂရအမြန်လမ်း ရဲစခန်းနယ်မြေအတွင်း ရပ်တန့်ဖမ်းဆီးနိုင်ခဲ့ပြီး လူကုန်ကူးသည်ဟု ယူဆရသူ အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ပါဝင်သည်။ အမျိုးသားမှာမူ သာဂရရဲစခန်း မရောက်မီ မိုင်တိုင် ၁၃၇ ကတည်းက ကားရပ်ခိုင်း၍ ဆင်းသွားသည်ဟု ရဲမှတ်တမ်းက ဆိုသည်။

ယင်းကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၂၄/၃၂ ဖြင့် စစ်ဆေးနေသည်ဟု ၁၁၅ မိုင် အမြန်လမ်းရဲစခန်းမှူး ရဲအုပ်ဝင်းထွဋ်အောင်က ပြောသည်။

No comments: