ကျော်စွာဝင်း
ခေါင်းလောင်းတွေ့ပြီဟု ပြောထားသော်လည်း လက်ရှိအချိန်ထိ ထူးခြားမှု မရှိသေးဘဲ စက်တင်ဘာ ၈ ရက်က ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေသည့် သောင်းတူးယာဉ်နှင့် နှစ်ထပ်သင်္ဘောတို့ ယခင်နေရာမှ ပြောင်းရွှေ့တူးဖော်နေသည်ကို မဇ္ဈိမက တွေ့ရှိရသည်။
အဆိုပါ ဓမ္မစေတီခေါင်းလောင်းရှာဖွေမှုကို သြဂုတ် ၈ ရက်က စတင်လုပ်ဆောင်ခဲ့ပြီး သြဂုတ် ၂၆ ရက်တွင် တွေ့ပြီဟု တူးဖော်ရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်းက တရားဝင် သတင်းထုတ်ပြန်ခဲ့ပြီး ၁၄ ရက်ကြာမြင့်ပြီဖြစ်သည်။
"ခေါင်းလောင်းရှိတဲ့နေရာ ပတ်လည်ကိုတော့ တူးဖော်မှု ဆက်လုပ်နေပါတယ်။ ကုန်းပေါ်မှာနေတော့ ဘမှပြောလို့ မရသေးဘူး" ဟု ခေါင်းလောင်းတူးဖော်ရေး အထောက်အကူပြု အဖွဲ့မှ ဦးနိုင်မင်းအောင်က မဇ္ဈိမကို ပြောသည်။
သောင်တူးစက်မှာနေရာပြောင်းရွေ့တူးဖော်လျှက်ရှိပြီး ပေ ၃၀၀ ၀န်းကျင်သို့ မည်သည့်သမ္မာန်လှေမှ ၀င်ရောက်ခြင်းမပြုရန် ရေကြောင်းရဲတပ်ဖွဲ့မှအသိပေးထားသည်။ သတ်မှတ်ထားသည့်ေ နရာမှကျော်လွန်ကာဝင်ရောက်လာသည့်လှေများကိုလည်း အရေးယူဆောင်ရွက်လျှက်ရှိသည်။
"ဒီနေ့မနက်ကအထိ သောင်တူးစက်နဲ့ တူးနေတုန်းပဲ။ နေ့လယ် ၁၂ နာရီကမှနေရာ ပြောင်းတူးနေတာပါ" ဟု သမ္မာန်လှေသမားတစ်ဦးကဆိုသည်။
အင်းစိန်မြို့နယ်နေသူ ဦးအောင်မြင့်က "ကျွန်တော်က အပြုသဘောဆောင်ပြီး လာကြည့်တာပါ။ ရှေးဟောင်းအမွေအနှစ် ဖြစ်တဲ့အတွက် ရစေချင်ပါတယ်။ ကိုယ်လာကြည့်တဲ့ အချိန် ပေါ်လာမလားဆိုပြီး လာကြည့်တာပါ။ မတွေ့ဘူးဆိုလည်း ဘယ်တတ်နိုင်မလဲ" ဟု ဆိုသည်။
စာရေးဆရာဦးချစ်စံဝင်းက " ခေါင်းလောင်းကတွေ့တယ်ဆိုတာလည်း မဖြစ်နိုင်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ အစကတည်းက ခေါင်းလောင်းရဲ့တည်နေရာကို စနစ်တကျ ရေစီးရေလာတွေ မြစ်အနေအထားတွေ သုံးသပ်ပြီးတော့မှ ဖြစ်နိုင်ခြေအပေါ်မှာ မူတည်ပြီးတူးဖို့ကောင်းတယ်လေ။ အိမ်မက်အရတူးတာကတော့ အပုံတစ်ရာပုံရင် တစ်ပုံမတော်တဆ တွေ့ရင်တွေ့မယ်ပေါ့" ဟု ဆိုသည်။
ယခင်က ခေါင်းလောင်းကြီးကို တွေ့ရှိထားပြီး ကြိုးများဖြင့်ချည်ထားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ကာ ယခုအခါ အဆိုပါသင်္ဘောများကို ဖယ်ရှားလိုက်သည့်အတွက် ကြိုးဖြင့်ချည်ထားသည်ကိုလည်း မတွေ့ရတော့ပေ။
ခေါင်းလောင်းစတင်တူးဖော်သည့်အချိန်မှစတင်ကာ ခေါင်းလောင်းတွေ့ရှိပြီဟု သတင်းထုတ်ပြန်ပြီးသည့်အထိ ကြည့်ရှုသူများပြားခဲ့သော်လည်း ယခုအခါတွင် လာရောက်ကြည့်ရှုသူ မရှိသလောက်နည်းပါးနေသည်ကို တွေ့ရသည်။
No comments:
Post a Comment