Monday, September 8, 2014

မောင်တောရောက် ရခိုင်မျိုးနွယ်စုများအတွက် ကျွဲနွားအကောင် ၈ဝ ကျော်နှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်း

မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင်ရောက်ရှိနေသော ဘင်္ဂလားဒေခ်ျ့မှထွက်ပြေးတိမ်းရှောင်လာကြသည့် ရခိုင်မျိုးနွယ်စုများ စားဝတ်နေရေးအဆင်ပြေစေရန် ရည်ရွယ်ပြီး ငွေကျပ်သိန်း ၁၅ဝ အပါအဝင် ကျွဲနွား အကောင် ၈ဝ ကျော်နှင့် အသုံးအဆောင်ပစ္စည်းအချို့ကို စက်တင်ဘာလ ၄ ရက်နေ့က လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းသို့ ထွက်ပြေးခိုလုံ ရောက်ရှိနေကြသော ဘင်္ဂလားဒေ့ခ်ျ့နိုင်ငံမှ ရခိုင်မျိုးနွယ်စုများ အားရည်ရွယ်၍ မြန်မာနိုင်ငံတိုင်းရင်းသားများကူညီစောင့်ရှောက်ရေး ပရဟိတအသင်း၊ မဘသနှင့် YMBA အသင်းတို့ကဦးစီးဆောင်ပြီး လှူဒါန်းခဲ့ကြခြင်း ဖြစ်ကြောင်း လှူဒါန်းရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

စေတနာရှင်များက စုပေါင်း ကူညီ လှူဒါန်းသည်မှာ နွား ၅၇ ကောင်၊ ကျွဲ ၂၄ ကောင်၊ သင်္ကန်းအစုံ ၁ဝဝဝ၊ အ၀တ်အထည် ဘေထုပ် ၅ဝ ကျော်၊ ဆန်အိတ် ၆ဝ၊ ကြက်ကောင်ရေ ၁၅ဝဝ တို့ဖြစ်သည်။

မောင်တောမြို့ရှိ ဗဟိုကျောင်းတိုက်ဘုန်းတော်ကြီးကျောင်း တွင် အခမ်းအနားပြုလုပ်ကာ တရားဝင် လွှဲပြောင်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သူက ဆိုသည်။

“တဖက်နိုင်ငံက အကြောင်းအမျိုးမျိုးကြောင့် ၀င်ရောက်ခိုလှုံနေတဲ့ မိသားစုဝင်တွေ အလုပ်လုပ်တဲ့ အခါ အသုံးဝင်မယ့် ကျွဲနွားတွေကို အဓိကထား ကူညီ လှူဒါန်းပေးတာဖြစ်ပါတယ်။ အဲဒီလူတွေအများစုက လယ်ယာကို အားထားပြီး အလုပ်လုပ်နေကြတဲ့ သူတွေဖြစ်လို့ပါပဲ။”
၂ဝ၁၂ ခုနှစ်အရေးအခင်းကာလအပြီး ဘင်္ဂလားဒေ့ခ်ျ့ နိုင်ငံရှိ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများမှာ ယင်းတို့၏အသက်အန္တရာယ်လုံခြုံရေးအတွက် ရခိုင်ပြည်နယ်၊ မောင် တောဒေသသို့ ဝင်ရောက် တိမ်းရှောင်လာခဲ့ကြသည်။

ထိုအထဲအချို့မှ မောင်တော နယ်စပ်မှ၎င်း၊ အချို့ ရခိုင်မျိုးနွယ်စုများမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှတဆင့် ကျောက်တော်မြို့သို့၎င်း ဝင်ရောက်လာခဲ့ကြသည်။ ကျောက်တော်မြို့သို့ ရောက်ရှိလာကြသူများကို မောင်တောမြို့နယ်တွင် အခြေစိုက် နေထိုင်ရန် ထပ်မံပို့ဆောင်ခဲ့သည်။

ရောက်ရှိလာကြသော ရခိုင်မျိုးနွယ်စုများမှာ မောင်တောမြို့တွင် သက်ဆိုင်ရာ ပြည်နယ်အစိုးရအပါအဝင် ဒေသခံရခိုင်တိုင်းရင်းသားများနှင့် အလှူရှင်များကိုအားကိုးကာလုပ်ကိုင်စားသောက်နေကြရသော်လည်း အခြားတစ်ဘက်တွင် ဒေသတွင်း တရားဥပဒေစိုးမိုးမှုမရှိခြင်းအပါအဝင် လုံခြုံရေးညံ့ဖျင်းမှုတို့ကြောင့် ယင်းတို့အနေဖြင့် လုပ်ကိုင် စားသောက်ကြရာတွင် အသက်အန္တရာယ် စိုးရိမ် ထိတ်လန့်မှုများနှင့်လည်း ကြုံတွေ့နေကြရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

“အခုမိသားစုဝင်တွေမှာ အလုပ်အကိုင်အခွင့်အလမ်းက လုံးဝမရှိသေးဘဲ အလှူရှင်တွေ ထောက်ပံ့ ပေးတဲ့ဟာနဲ့ပဲ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေကြရတယ်။ အခု ကျွဲနွားတွေရတော့ အနီးအနားက လယ် ယာ၊ ကိုင်းကျွန်းတွေမှာလုပ်စားမယ်ဆိုရင်လည်း အဆင်ပြေသွားပါတယ်”ဟု လက်ရှိလောင်းဒုံကျေးရွာတွင် နေထိုင်လျှက်ရှိသည့် ဘင်္ဂလားဒေ့ခ်ျမှ ၀င်ရောက်လာသူ မိသားစုဝင်တစ်ဦးက ပြောသည်။

No comments: