Monday, September 15, 2014

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုအမြန်ဆုံး ၁၀နိုင်ငံစာရင်းတွင် မြန်မာပါဝင်မည်ဟု ခန့်မှန်း

ဆန်းနယုန်

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုအမြန်ဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာပါဝင်ရန် ကမ္ဘာ့ခရီးသွားလာရေးနှင့် ခရီးသွား လုပ်ငန်းကောင်စီ(WTTC၊The World Travel and Tourism Council)က မျှော်မှန်းသည်ဟု အောက်စဖို့ စီးပွားရေးအုပ်စု (Oxford Business Group) က စက်တင်ဘာ ၁၂ရက်တွင်ထုတ်ပြန်သည့် မြန်မာ့ ခရီးသွား လုပ်ငန်း ဆန်းစစ်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

မြန်မာနိုင်ငံသို့ ၂၀၁၃ခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ၂ ဒသမ ၀၃သန်း လာရောက်ခဲ့ပြီး ၂၀၁၄ခုနှစ်တွင် နိုင်ငံ ခြားခရီးသွား သုံးသန်းအထိဝင်ရောက်ရန်မျှော် မှန်းထားရာ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၄နိုင်ငံအနက် တိုးတက်မှုအမြန် ဆုံးနိုင်ငံ ၁၀ နိုင်ငံစာရင်းတွင်ပါဝင်ရန် မျှော်မှန်းထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌၂၀၁၃ခုနှစ်က ခရီးသွားလုပ်ငန်းမှ ရရှိငွေသည် ပြည်တွင်း စုစုပေါင်း ထုတ်ကုန်တန်ဖိုး၏ ၃ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုနှစ်တွင် ၉ ဒသမ ၂ ရာ ခိုင်နှုန်းရှိမည်ဟု WTTC က ခန့်မှန်းထားရာ၂၀၁၃ခုနှစ်ထက် ၅၀ ရာနှုန်းခန့် ပိုမိုတိုးတက်မည်ဖြစ်သည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီး သွားဝင်ရောက်မှု သည် သိသိသာသာ တိုးတက်လာပြီး ၂၀၁၅ခုနှစ်တွင် ခရီးသွား ငါးသန်းခန့်ဝင်ရောက်မည်ဟုWTTC က မျှော် မှန်းထားသည်။ အခြားတစ် ဖက်တွင်လည်း ဒေသတွင်းနိုင် ငံများဖြစ်သော ထိုင်း(၂၆ ဒသမ ၅သန်း)၊ မလေးရှား(၂၅ ဒသမ ၇သန်း)၊ အင်ဒိုနီးရှား(၈ဒသမ ၈သန်း)၊ ဗီယက်နမ်( ၇ ဒသမ ၅သန်း)တို့နှင့်နှိုင်းယှဉ်ပါက နည်းပါးနေဆဲဖြစ်သည်။

၂၀၁၄ခုနှစ် ဇူလိုင်လကုန်အထိ ခုနစ်လအတွင်း မြန်မာနိုင်ငံသို့နိုင်ငံခြားသားခရီးသွား ၁ ဒသမ ၆သန်းကျော် ၀င်ရောက်ခဲ့ပြီး ယခင်နှစ်ဝင်ရောက်မှုထက် ၄၃ ရာခိုင်နှုန်း ပိုမိုများပြားသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနက သြဂုတ်လ ၇ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ခုနစ်လအတွင်း နိုင်ငံခြားသားခရီးသွား ၁,၆၀၄,၇၄၆ ဦးဝင်ရောက်ခဲ့ပြီး ယခင်နှစ်ကာလတူတွင် နိုင်ငံခြားသား ခရီးသွား ၁,၁၂၁,၇၉၅ ဦးဝင်ရောက်ခဲ့ရာ ၄၈၂,၉၅၁ ဦး ပိုမိုဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

No comments: