Saturday, September 20, 2014

ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာ ဒုတိယနှစ် သင်တန်းသားများ၏ အချက်အပြုတ်နှင့် ဝန်ဆောင်မှု လက်တွေ့လုပ်ဆောင်များ ဟိုတယ်များတွင် ပြုလုပ်

Mizzima

ဆွစ်ဇာလန်နိုင်ငံနှင့် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီသွားလုပ်ငန်းရှင်များ အသင်း၏ ထောက်ခံချက်လက်မှတ်ရရှိမည့် ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာသင်တန်းကို ဟိုတယ်များတွင် လှည့်လည်သရုပ်ပြမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း CVT Myanmar အသက်မွေးဝမ်းကြောင်းမှု သင်တန်းမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ သင်တန်းသားများမှာ အသက်မွေးဝမ်းကြောင်းမှု သုံးနှစ်ပညာသင်တန်းမှ ဒုတိယနှစ် တက်ရောက်နေသည့် သင်တန်းသားများဖြစ်ပြီး ၎င်းတို့၏ အချက်အပြုတ်ပိုင်းနှင့် ဝန်ဆောင်မှုဆိုင်ရာ အကဲဖြတ်မှုများကို ပြည်တွင်းရှိ ဝါရင့်ပညာရှင်များနှင့် ပြည်ပပညာရှင်များမှ အကဲဖြတ်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

အဆိုပါ သင်တန်းသားများ၏ လက်တွေ့သရုပ်ပြမှုများကိုလည်း စက်တင်ဘာ ၁၂ ရက်က ရန်ကုန်မြို့၊ ရွှေဂုံတိုင်မြို့နယ်ရှိ Le Planteur Restaurant တွင် လက်တွေ့သရုပ်ပြမှုများ ပြုလုပ်ခဲ့သည်။

သင်တန်းမှ စာဖိုးမှူး ဒေါ်နီအေးမြင့်က “သင်တန်းသားတွေကို နှစ်ယောက်တွဲစီ တစ်ခါတည်းချက် ခိုင်းတယ်။ အဲ့နေရာမှာ ဧည့်ကြိုက ဧည့်ကြိုပုံစံ၊ စာဖိုမှူးက စာဖိုမှူးပုံစံနဲ့ သရုပ်ပြရတယ်။ သူတို့တွေရဲ့ အရည်အသွေး အကဲဖြတ်တာကျတော့ လက်တွေ့သရုပ်ပြမှုကို ကြည့်ပြီး ကျွမ်းကျင်မှု ရှိ၊မရှိ ပေးတယ်။ CVT Myanmar က သင်တန်းဆရာတွေနဲ့ ပြင်ပ ပညာရှင်တွေက အကဲဖြတ်ပေးတာကို ချက်ခြင်း အမှတ်ပေးတာဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ သင်တန်းမှာ အခမဲ့သင်တန်းဖြစ်ပြီး တစ်ပတ်လျှင် တစ်ရက် တက်ရောက်ရမည့် သုံးနှစ် သင်တန်းဖြစ်သည်။ သင်တန်းမပြီးမချင်း လက်တွေ့သရုပ်ပြမှုများကို ဟိုတယ်များတွင် သရုပ်ပြရပြီး သင်တန်းပြီးပါကလည်း ဆွစ်ဇာလန်နိုင်ငံနှင့် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီသွားလုပ်ငန်းရှင်များ အသင်း၏ ထောက်ခံချက်လက်မှတ် ရရှိမည်ဖြစ်သည်။

သရုပ်ပြသည့် သင်တန်းသား မနုဇာနည်သွေးကလည်း “သင်တန်းမှာ ဟိုတယ် နဲ့ပတ်သက်ပြီး သိသင့်တာ အကုန်သင်ပေးတယ်။ သင်တန်းတက်ပြီးရင်တော့ ဟိုတယ်တစ်ခုခုမှာ ရာထူးကြီးကြီးနဲ့ ချိတ်ပေးတယ်။ သင်တန်းပြီးရင်တော့ ဟိုတယ် မန်နေဂျာတစ်ယောက်ဖြစ်ဖို့တော့ ရည်မှန်းထားပါတယ်” ဟု ပြောသည်။

CVT Myanmar အသက်မွေးဝမ်းကြောင်းမှုသင်တန်းတွင် စီးပွားရေးအထောက်အကူပြု သင်တန်း၊ လျှပ်စစ်ကျွမ်းကျင်သင်တန်း၊ ပရိဘောဂပြုလုပ်မှု အတတ်ပညာသင်တန်း၊ ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာ သင်တန်း၊ သတ္ထုပစ္စည်းထုတ်လုပ်မှု အတက်ပညာသင်တန်း နှင့် အသက်မွေးမှု အကြိုသင်တန်းသို့ ဖွင့်လှစ်လျှက်ရှိပြီး ဝင်ခွင့်လျှောက်လွှာများကို နှစ်စဉ် ဇန်န၀ါရီလမှ မတ်လအတွင်း ထုတ်ယူလျှောက်ထားနိုင်သည်။

No comments: