Tuesday, September 16, 2014

အီးယူနှင့် အနောက်နိုင်ငံများသို့ ကျွန်းအပါအဝင်သစ်နှင့် သစ်ခွဲသားတန်ချိန် ၂,၄၀၀ တရားဝင်ပို့

နိုင်နိုင်ဇော်

အီးယူနိုင်ငံများသို့ သစ်အချောထည်နှင့် သစ်ခွဲသား တင်ပို့မှုအတွက် တရားဝင်သစ်တောထွက်ပစ္စည်းထောက်ခံချက် စောင်ရေ ၂၂၀ (ကုန်သေတ္တာ ၂၂၀ လုံး၊ တန်ချိန် ၂,၄၀၀) အတွက် ထောက်ခံချက်ထုတ် ပေးပြီးဖြစ်သည်ဟု မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းက ပြောသည်။

The Official Compilation of Export Documentation(OCED) စာရွက်ရရှိမှသာ နိုင်ငံတကာဈေးကွက်များသို့ တင်ပို့နိုင်ပြီး ယင်းထောက်ခံချက်ကို မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်အသင်းက ထုတ်ပေးလျက်ရှိကြောင်း၊ တင်ပို့မှုတန်ဖိုးငွေအားဖြင့် အတိအကျပြောဆိုရန် မလွယ်ကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဘာဘာချိုက ပြောသည်။

ဦးဘာဘာချိုက “အီးယူအဖွဲ့ဝင်တို့လို နိုင်ငံတကာဈေးကွက်ကြီးတွေကို သွားဖို့ဆိုရင် ဒီစာရွက်က အရမ်းအရေးကြီးပါတယ်။ ဒါက ပြည်တွင်းမှာ တရားဝင်အခွန်ဆောင်ထုတ်လုပ်ပြီး ပတ်ဝန်းကျင်ထိခိုက်မှု မရှိအောင် သက်သေခံတာပဲ။ ဒါမှပဲဈေးကွက် တင်လို့ရတဲ့အတွက် သစ်အသင်းက ထုတ်ပေးနေတာပါ။ အခု တန်ချိန် ၂,၄၀၀ အတွက် ထုတ်ပေးပြီးပါပြီ” ဟု ဆိုသည်။

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံတကာ သစ်တောသယံဇာတ ထိန်းသိမ်းရေးအတွက် တရားဝင်သစ်မှ ထုတ်လုပ်ထားသော သစ်များကိုသာ ရွေးချယ်တင်သွင်းခွင့် သတ်မှတ်လိုက်ပြီးနောက်ပိုင်း ထောက်ခံချက်အနေဖြင့် ထုတ်ပေးနေခြင်းဖြစ်သည်ဟု ဆိုသည်။

ဦးဘာဘာချိုက အဆိုပါပမာဏမှာ သစ်လုပ်ငန်းရှင်အသင်း ထောက်ခံချက်ဖြင့် တင်ပို့နေခြင်းဖြစ်ပြီး အခြားနည်းဖြင့် တင်ပို့သည့်အရေအတွက်များပါ ထည့်ပေါင်းပါက ပမာဏပိုများသွားနိုင်ကြောင်း ခန့်မှန်းပြောဆိုသည်။

၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင် အီးယူနှင့် အနောက်နိုင်ငံများသို့ သစ်အချောထည် တင်ပို့နေသည့် ကုမ္ပဏီ ၃၀ ကျော် အထိရှိခဲ့သော်လည်း အိမ်နီးချင်းနိုင်ငံများကလည်း တင်ပို့နေခြင်းကြောင့် ယခုအချိန်ထိ ကုမ္ပဏီ ၁၀ ခု ဝန်းကျင်သာ ကျန်ရှိနေတော့ရာ သစ်အချောထည်ဈေးကွက် ပိုမိုကျယ်ပြန့်နိုင်ရန် အစိုးရပံ့ပိုးမှုလိုအပ်သည်ဟု သစ်လုပ်ငန်းရှင်များက ပြောဆိုသည်။

သစ်လုပ်ငန်းရှင် ဦးကျော်သူက “အီးယူ နိုင်ငံတွေကို တင်ပို့နေတယ်ဆိုပေမယ့် အခုနောက်ပိုင်း တင်ပို့တဲ့ ကုမ္ပဏီတွေ နည်းလာတယ်။ အဓိက ကုန်ကြမ်းမလွယ်လို့ပါ။ ဒါကိုသာ အစိုးရက ဖြည့်ဆည်းပေးနိုင်ရင် တင်ပို့မှု ပိုများလာနိုင်ပါတယ်” ဟု ဆိုသည်။

ယခုအချိန်တွင် ဥရောပသို့ သစ်အချောထည်များ တင်ပို့နေသည့်အပြင် နိုင်ငံတကာ ကုမ္ပဏီများနှင့် အာရှဒေသတွင်း အချောထည်ထုတ်လုပ်သည့် လုပ်ငန်းများလည်း ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်ကြောင်း၊ ကုမ္ပဏီအများစုမှာ သစ်ပါးလွှာနှင့် အဆင့်မြင့်ကြိတ် သားထုတ်လုပ်သည့်လုပ်ငန်းများဖြစ်သည်ဟု သစ်တောဝန် ကြီးဌာနက ဆိုသည်။

No comments: