တင်ဇာအောင်၊ မောင်မန်း
နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော အော်ပရေတာ၏ ဝန်ဆောင်မှုများကို စက်တင်ဘာ ၂၇ရက်က စတင်ပြီး မန္တလေးမြို့၌ ဝန်ဆောင်မှု ပေးမည်ဖြစ်ကာ တစ်ပတ်စီခြား၍ နေပြည်တော်နှင့် ရန်ကုန်တို့တွင် ဝန်ဆောင်မှုများ စတင်မည်ဟု တယ်လီနော မြန်မာ၏ အမှုဆောင် အရာရှိချုပ် Mr.Petter Furberg က စက်တင်ဘာ ၂၅ ရက်တွင် ပြောသည်။
၎င်းက ရန်ကုန်မြို့ရှိ တယ်လီနော ရုံးချုပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ စက်တင်ဘာလ ၂၇ ရက် မှာ မန္တလေးမှာစပေးပါမယ်။ တစ်ပါတ်ကြာတဲ့အခါ နေပြည်တော်မှာပေးပါမယ်။ နှစ် ပါတ်မြောက်တဲ့အချိန်မှာ ရန်ကုန်မှာပေးပါမယ်"ဟု Mr.Petter Furbergက ဆိုသည်။
တယ်လီနော၏ ဆင်းမ်ကတ်ကို တစ်ကတ်လျှင် ကျပ် ၁၅၀၀ ဖြင့် ရောင်းချမည် ဖြစ်ပြီး ဖုန်းခေါ်ဆိုခမှာ မည်သည့် အော်ပရေတာကို ခေါ်ဆိုသည်ဖြစ်စေ တစ်မိနစ်လျှင် ၂၅ ကျပ်ဖြစ်သည်။ ၎င်း၏ စာတိုပို့စနစ်အတွက် တစ်စောင်လျှင် ၁၅ ကျပ် ကောက်ခံမည် ဖြစ်သည်။
တယ်လီနော အနေဖြင့် ဈေးကွက် အတွင်း မှောင်ခို ဈေးနှုန်းများ မဖြစ်ပေါ်စေရန် အတွက်ဆင်းမ်ကတ်များ လိုသလောက် ချထားပေးမည်ဟုလည်း အမှုဆောင် အရာရှိချုပ် Mr.Petter Furberg က မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားသည်။
၎င်းက “ချပေးတဲ့ဆင်းမ်ကတ်တွေ နည်းသွားတဲ့အချိန်မှာ ၁၅၀၀ ထက်ပိုတဲ့ဈေးနှုန်းဖြစ်သွားတာပါ။ မှောင်ခိုဈေး ကွက် ကိုကာကွယ်ဖို့ မန္တလေးမှာ ဆိုင် ၁၅၀၀ လောက်မှာချထားပေးပါတယ်။ တကယ်လို့ တစ်ဆိုင်က ၁၅၀၀ ထက်ကျော်ရင် ကျန်တဲ့ ၁၄၀၀ ကျော်ဆိုင်တွေမှာ ၀ယ်ဖို့တိုက်တွန်းပါတယ်။ ပိုမရောင်းဖို့လည်းပြောထားပါ တယ်“ ဟုဆိုသည်။
တယ်လီနော၏ ဆင်းမ်ကတ်ကို မန္တလေးအရောင်းဆိုင်များတွင် စက်တင်ဘာ ၂၅ ရက်က စတင်ပြီး စမ်းသပ် အသုံးပြုနေပြီဖြစ်ကာ ကိုယ်တိုင် စမ်းသပ်အသုံးပြုသူ တစ်ဦးဖြစ်သည့် Power Seven မိုဘိုင်းဆိုင်မှ Service မန်နေဂျာ ကိုဝေယံဦးက “ ဖုန်းပြောတာ ကောင်းပါတယ်။ အင်တာနက် သုံးတာလည်း အဆင်ပြေတယ်။ ဒေါင်းလုပ်ဆွဲရင်တော့ နည်းနည်း လေးသွားတယ်။ အမြန်နှုန်းက 50 Mbps ဆိုဒ်ကို ဆွဲမယ်ဆိုရင် မိနစ် ၂၀ လောက်ကြာတယ်" ဟု သူ၏ အတွေ့အကြုံကို ပြောသည်။
အင်တာနက် အတွက် တယ်လီနော အော်ပရေတာ၏ ၀န်ဆောင်ခနှုန်းထားမှာ သာမန် အင်တာနက် အသုံးပြုသူများ အတွက် 1Mbps လျှင် ခြောက်ကျပ် ဖြစ်ပြီး တစ်မိနစ်လျှင် 300 Kbps အမြန်နှုန်းဖြင့် ၀န်ဆောင်မှု ပေးမည် ဖြစ်သည်။
အခြားမြန်နှုန်းမြင့် အသုံးပြုလိုသူများ အတွက်မူ တစ်မိနစ်လျှင် 2Mbps အမြန်နှုန်းဖြင့် ပေးမည်ဖြစ်ကာ ယင်းဝန်ဆောင်မှု အတွက် 1Mbps လျှင် ၁၀ ကျပ်ဖြစ်သည်။ အင်တာနက် အသုံးပြုမှုအတွက် စီစဉ်ထားမှု အမျိုးမျိုး ရှိပြီး တစ်ပတ်လျှင် ၅၀၀ ကျပ် ဖြင့် (100 M) သုံးနိုင်သည့် Package ၊ တစ်လလျှင် ၁၉၀၀ ကျပ်ဖြင့် (500 M) သုံးနိုင်သည့် Package နှင့် တစ်လလျှင် ၆၆၀၀ ကျပ်ဖြင့် (1G ) သုံးနိုင်သည့် Package များ အသုံးပြုနိုင်သည်။
တယ်လီနောက မန္တလေးတွင် စတင် ချထားရာ၌ ဆိုင်ပေါင်း ၁၅၀၀ တွင် ရောင်းချပေးမည်ဖြစ်ပြီး ဆင်းမ်ကတ် နှင့် ဟန်းဆက် တွဲရောင်းမည့် အစီအစဉ်များလည်း ပါဝင်ကာ မန္တလေးတွင် ယင်းသို့ တွဲရောင်းပေးမည့် ဆိုင် ၉ဆိုင် ရှိသည်။ ယင်းသို့ ရောင်းချရာတွင် 2G ဟန်းဆက်အတွက် ဆင်းမ်ကတ်နှင့် တွဲလျက် ကျပ် ၁၉၉၀၀ ဖြင့် ရောင်းချပြီး 3G ဟန်းဆက်နှင့် ဆင်းမ်ကတ် အတွက် ကျပ် ၄၉၉၀၀ ဖြင့် ရောင်းချမည် ဖြစ်သည်။
တယ်လီနော အနေဖြင့် မြို့ကြီး သုံးမြို့တွင် ရောင်းချရာ၌ အရောင်းဆိုင်ပေါင်း ၁၂၀၀၀ ကျော်မှ တဆင့် ရောင်းချသွားမည် ဖြစ်သည်။ ငွေဖြည့်ကတ်များမှာ ကျပ် ၁၀၀၀၊ ၃၀၀၀ ၊ ၅၀၀၀ နှင့် ၁၀၀၀၀ ကတ်များ ဖြစ်သည်။
No comments:
Post a Comment