Saturday, September 13, 2014

စာသင်ကျောင်းများတည်ဆောက်ခွင့်ရ ကုမ္ပဏီတို့ စံချိန်စံညွန်းအတိုင်း ဆောင်ရွက်ခြင်းမရှိပါက တရားစွဲမည်ဟု ဒု-ဝန်ကြီးပြော

အောင်သူရထွန်း

ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများအတွက် အထူးလိုအပ်လျက်ရှိသော အခြေခံ အဆောက်အအုံတည်ဆောက်ခွင့်ရ ဆောက်လုပ်ရေးကုမ္ပဏီများ အနေဖြင့် စံချိန်စံညွန်းများနှင့်အညီ ဆောင်ရွက်ခြင်းမရှိပါက တရားစွဲဆိုသွားမည်ဟုပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်ရှင်းက ပြောသည်။

ဒု-ဝန်ကြီးက “သတ်မှတ်စာချုပ်ပုံစံအတိုင်း တည်ဆောက်ခြင်းမရှိပါက အဆိုပါ ကုမ္ပဏီအား စာချုပ်ပါ စည်းကမ်းများအရ အရေးယူခြင်း၊ Black List စာရင်းသွင်းခြင်း၊ ဥပဒေအရ တရားစွဲခြင်းများ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု အမျိုးသားလွှတ်တော် ၁၁ ကြိမ်မြောက်အစည်းအဝေး ပထမနေ့တွင်ပြောခြင်းဖြစ်သည်။

ကချင်ပြည်နယ်၊ အမှတ် (၆) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေသောင်းက သတ်မှတ်ပုံစံအတိုင်း စံချိန်စံညွန်းများနှင့်အညီ ကျောင်းဆောင်များဆောက်လုပ်ရန် တစ်နိုင်ငံလုံး တစ်ပြေးညီချမှတ်ပေးသော်လည်း စံချိန်စံညွန်းကိုက်ညီမှုမရှိဘဲ မိမိသဘောအတိုင်း ဆောက်လုပ်သွားသည့် အဖွဲ့အစည်းများ၊ ကန်ထရိုက်များ နှင့် ကုမ္ပဏီများအား မည်ကဲ့သို့ အရေးယူမည်နည်းဟု မေးမြန်းခြင်းကို ဒု-ဝန်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေသောင်းက “ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက အမှန်အတိုင်းပြောမယ်ဆိုရင်ပြည်သူတွေတင်ပြတိုင်း တင်ပြမယ်ဆိုရင် အများကြီးပါ၊ ဒေသခံတွေကိုလည်း သနားတယ်၊ အကယ်၍သာ ကုမ္ပဏီတွေက သူတို့သဘောအတိုင်းသာ ဆောင်ရွက်မယ်ဆိုရင် နိုင်ငံတော် ဘတ်ဂျက် ပြည်သူ့ငွေဟာ အများကြီးနစ်နာပါတယ်” ဟုထောက်ပြဝေဖန်ခဲ့သည်။

နိုင်ငံတော်ဘဏ္ဍာငွေဖြင့် စာသင်ကျောင်းဆောင်များအား တည်ဆောက်ခွင့်ရခဲ့သော ကုမ္ပဏီများသည် ဘတ်ဂျက်ငွေ ပိုမိုထပ်ဆောင်း တောင်းခံခြင်း၊ အရည်အသွေးနိမ့် ပစ္စည်းများသုံးစွဲခြင်းများရှိနေကြောင်း ၎င်းက ဖြည့်စွက်တင်ပြခဲ့သည်။

ဒု-ဝန်ကြီးကမူ “နိုင်ငံတော်ဘဏ္ဍာငွေများနှင့် ဆောက်လုပ်သော အဆောက်အဦးများကို သက်ဆိုင် ရာဌာနနှင့် ဆောက်လုပ်ရေး ကုမ္ပဏီများလုပ်ငန်းအပ်နှံ သဘောတူစာချုပ်များ ချုပ်ဆိုလက်မှတ်ထိုး ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်သည့်စံချိန်စံညွန်းအတိုင်း ဆောက်လုပ်သွားခြင်း ဖြစ်ပါက နှစ် (၃၀)ခန့် ခိုင်ခန့်မှာ ဖြစ်ပါတယ်” ဟု အခိုင်အမာပြောသည်။

သို့ရာတွင် ဦးဖေသောင်း၏ မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သော မိုးညှင်းမြို့နယ်၊ လောဆွန် အခြေခံမူလတန်းကျောင်း (၁၀၀x၃၀)ပေ၊ အုတ်ညှပ် တစ်ထပ်အား တည်ဆောက်ရန် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီသည် ကွင်းဆင်း ကြည့်သည်အချိန်မှ PAE ၈၀၀၀ ကျပ် ဖြင့် ဆောက်လုပ်ရန် မဖြစ်နိုင်၍ ပုံစံပြောင်းဆောက်လုပ်ခွင့်အား သက်ဆိုင်ရာ ဌာန သီးသီးသို့ တင်ပြပြီးဆောက်လုပ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဒု-ဝန်ကြီးက ဆိုသည်။

မိုးညှင်းမြို့နယ်၊ လောဆွန်ဒေသခံတို့က မူလတန်းကျောင်းဆောက်လုပ်ခွင့်ရ ကုမ္ပဏီအား ခွင့်ပြုငွေ၏ ထက်ဝက်ဖြင့် ယခုထက်ကောင်းမွန်သော ကျောင်းအားတည်ဆောက်နိုင်ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်ထံသို့ လာရောက်ပြောဆိုမှုများ ရှိခဲ့သည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကလည်း “ ဒီမှာကတော့ ပညာရေး၊ ကျန်းမာရေးအတွက် ဘတ်ဂျက်တွေ ပိုပေးတယ်ဆိုတော့ ပီတိတွေ ဖြစ်နေတော့၊ လက်ခံရရှိတဲ့ ဒေသခံပြည်သူတွေကတော့ ခါတော်မှီကုမ္ပဏီရဲ့ စေတနာအတုတွေကြောင့်စိတ်ပျက်ဝမ်းနည်းနေတာပေါ့” ဟု ပြစ်တင်ဝေဖန်လိုက်သည်။

No comments: