Saturday, September 27, 2014

အမေရိကန်မှ ရေလုပ်ငန်းဆိုင်ရာ သင်တန်းပေးရာတွင် သုတေသန ဓာတ်ခွဲခန်းမရှိ၍ အခက်တွေ့

သိမ့်သဉ္ဇာဇင်

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ဖိတ်ကြားမှုဖြင့် အမေရိကန်အခြေစိုက် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Winrock International အဖွဲ့သည် ရွှေဘိုနှင့် မန္တလေးမြို့နယ်များရှိ ငါးစာ စက်ရုံများတွင် အစာဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းများ လာရောက်ပို့ချရာ၌ သုတေသနပြုလုပ်ရန် ဓာတ်ခွဲခန်း မရှိ၍ အခက်အခဲတွေ့ရသည်ဟု အဖွဲ့မှ ပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာနီရိုက ပြောသည်။

“အစာကို တစ်ရက်ခြားတစ်ခါ ကျွေးလို့ရတယ်။ နေ့တိုင်း ကျွေးစရာမလိုဘူး။ ရလဒ်က အတူတူပဲဆိုတာ စစ်ဆေးပြီးပြီ။ ဒီလိုမျိုး ကျွေးရင် အစာဖိုးကို ၄၀ ရာခိုင်နှုန်း လျှော့ချ နိုင်တယ်။ ဒီ့ထက်ပိုပြီး တန်ဖိုးနည်းတဲ့ အစာစပ်နည်း ပြုလုပ်ဖို့အတွက် ဒီမှာသုတေသန လုပ်ဖို့ ဓာတ်ခွဲခန်းမရှိတဲ့အတွက် စိတ်ကူးပဲရှိတယ်” ဟု ၎င်းက ဆိုသည်။

ပြည်တွင်းရှိ နည်းပညာလိုအပ်လျက်ရှိ သော လုပ်ငန်းနယ်ပယ်များအတွက် အဆိုပါ ဒေသရှိ ငါးကန်များကို Winrock International အဖွဲ့က လိုအပ်သော နည်းပညာ ထောက်ပံ့မှုများ ကူညီလျက်ရှိသည်ဟု Winrock Internationalအဖွဲ့မှ ကိုယ်စားလှယ် ဒါရိုက်တာ ဒေါက်တာအိသန္တာကျော်က ပြောသည်။

“မွေးမြူရေးတွေကို တွဲမွေးလာတဲ့အတွက် ကန်တွေက အနံ့အသက်မကောင်းတော့ဘူး။ ပြီးတော့ ဓာတု ပစ္စည်းဖြစ်တဲ့ ပိုးသတ်ဆေးတွေ မသုံးဖို့လိုတယ်။ တကယ်လို့ ကြက်ခြံ မှာ ရောဂါဖြစ်နေလို့ ပိုးသတ်ဆေး ကျွေး ခဲ့ရရင် ကန်ဖော်ခါနီးကျရင် ငါးတွေကို ကန်ပြောင်းသင့်တယ်။ ပြီးရင် ငါးစာဖြစ်တဲ့ ဖွဲနု၊ ပဲဖတ်တို့ကို ပြောင်းကျွေးသင့်တယ်။ အချိန်ကာလတစ်ခုထိပေါ့။ ဒါဆိုရင်တော့ ဈေးကွက်ဝင်တဲ့ငါးတွေ ဖြစ်လာမှာပါ” ဟု ဒေါက်တာအိသန္တာကျော်က ဆက်လက် ပြောကြားသည်။

Winrock International အဖွဲ့သည် သင်တန်းပို့ချရာ၌ ငါးကျန်းမာရေး၊ ငါးကန် ရေအရည်အသွေးစစ်ဆေး ခြင်းနှင့် အော်ဂဲနစ်မြေသြဇာများကို ငါးကန်များတွင် စနစ်တကျအသုံးပြုခြင်းများကို အဓိကထားပို့ချလျက် ရှိပြီး မြန်မာ့ရေလုပ်ငန်းများတိုးတက်ရေးအတွက် သင်ကြားနေခြင်းဖြစ်သည်။

No comments: