Friday, September 26, 2014

အစိုးရအဖွဲ့မှ ဆောင်ရွက်ရန် အဆို ၁၂ ခုနှင့် ကတိပေါင်း ၉၀၂ ခုအတွက် ကျန်ရှိ

အောင်သူရထွန်း

ပထမအကြိမ်မှ အဋ္ဌမအကြိမ်ထိ လွှတ်တော်တွင် တင်သွင်းခဲ့သော အဆိုများမှ ဆောင်ရွက်ရန် အဆို ၁၂ ခုနှင့် မေးခွန်းများအတွက် ကတိဖြစ်ခဲ့သော ၉၀၂ ခုအတွက် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် လုပ်ဆောင်ရန် ကျန်ရှိနေသေးကြောင်း ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

လွှတ်တော်မှ အတည်ပြုပေးခဲ့သော အဆိုပေါင်း ၇၇ ခုရှိသည့်အနက် အစိုးရအဖွဲရုံးမှ ပေးပို့သည်းပြီးစီးမှု ၆၅ ခု ရှိခဲ့ပြီး ကျန်ရှိနေသော အဆို ၁၂ ခုအတွက် ပြည်ထဲရေး၊ လျှပ်စစ်၊ ကျန်မာရေး၊ ယဉ်ကျေးမှု၊ အမျိုးသားစီမံကိန်း၊ အလုပ်သမား၊ လူမှုဝန်ထမ်းနှင့် တရားလွှတ်တော်ချုပ်ရုံး စသည့်ဝန်ကြီးဌာနများ ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် လွှတ်တော်တွင်း ကြယ်ပွင့်ပြ မေးခွန်းများမှ ကတိဖြစ်ခဲ့သော်လည်း အစိုးရအဖွဲ့မှ လုပ်ငန်းဆောင်ရွက်ရန် ကျန်ရှိနေမှု ကတိပေါင်း ၁၄၉ ခုထိရှိကြောင်းလည်း အစီရင်ခံစာတွင် အသေးစိပ်ဖော်ပြထားပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွဲ့ဖြိုးရေး ဝန်ကြီးဌာနတို့ အများဆုံးပါဝင်နေသည်။

တတိယအကြိမ် အစည်းအဝေးမှ နဝမအကြိမ် အစည်းအဝေးထိ ကြယ်ပွင့်မပြဘဲ မေးမြန်းခဲ့သည့် မေးခွန်းများ အတွက် ကတိဖြစ်ပေါ်မှုပေါင်း ၁၈၃၂ ခု ရှိခဲ့သော်လည်း အစိုးရအဖွဲ့ရုံးမှ ဆောင်ရွက်ရန် ကျန်ရှိနေသောကတိ ၇၅၃ ခုရှိနေပြီး နဝမပုံမှန်အစည်းအဝေး တစ်ခုထဲတွင်ပင် ကတိဖြစ်ခဲ့သော လုပ်ငန်း ၃၀၇ ခုအနက် ၂၂၀ ခုကျန် ရှိနေခြင်းကြောင့် စိစစ်ရေးကော်မတီက လုပ်ငန်းလက်ကျန်များနေသည်။

သို့ရာတွင် စိစစ်ရေးကော်မတီ၏ သုံးသပ်ချက်တွင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှလည်း ပြည်ထောင်စုဝန်ကြီးများ၊ ဒု-ဝန်ကြီးများ နှင့်တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ များမှ ဝန်ကြီးချုပ်များကိုယ်တိုင် တာဝန်ယူ၊ တာဝန်ခံပြီး စိစစ်ဖြေကြားလျက်ရှိပါသဖြင့် ယင်းအဖွဲ့အစည်းများနှင့် ကော်မတီ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ တို့နှင့်အညီ ဆောင်ရွက်လျက်ရှိပါသဖြင့် လုပ်ငန်းဆောင်ရွက်ချက်များ ကောင်းမွန်သည်ဟု အစီရင်ခံစာတွင် သုံးသပ်တင်ပြထားသည်။

No comments: