ခင်မြတ်မြတ်ဝေ
ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အား စီမံကိန်းနှင့် အောက်ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အား စီမံကိန်း ကြားတွင် အလယ်ပေါင်းလောင်း လျှပ်စစ်ဓါတ်အား စီမံကိန်းတည်ဆောက်ရန် အကြိုပြင်ဆင်မှုများစတင်နေပြီဟု ပေါင်းလောင်းစီမံကိန်း လက်ထောက်ညွှန်ကြားရေးမှု ဦးဝင်းနိုင်က မဇ္ဈိမကို ပြောသည်။
"အလယ်ပေါင်းလောင်း လုပ်ဖို့ စီစဉ်ထားတဲ့ လုပ်ငန်းက မစသေးဘူး၊ ကျွန်တော်တို့ ကြိုပြင်ဆင်မှုလုပ်ငန်းတွေ လုပ်နေပြီ။ ဒီကထွက်တဲ့ လျှပ်စစ်က ပြည်တွင်းအတွက် အသုံးပြုမယ်၊ အလယ်ပေါင်းလောင်းဆောက်မယ့် နေရာမှာတော့ ဘယ်ရွာမှလည်း မရှိတော့ဘူး" ဟု ယင်းကဆိုသည်။
အလယ်ပေါင်းလောင်းစီမံကိန်း စတင်ရန်အတွက် လမ်းဖောက်ခြင်း၊ ယာယီ အဆောက်အဦး အကြိုပြင်ဆင်မှုများ ပြုလုပ်နေလျှက်ရှိပြီး နောက်ပိုင်း တည်ဆောက်ရေးကို အစိုးရ၏ ဘတ်ဂျက်ပေါ်မှုတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ပြီး လတ်တလောတွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန တစ်ခုတည်းကသာ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဦးဝင်းနိုင်က ပြောသည်။
အလယ်ပေါင်းလောင်း စီမံကိန်အား ၂၀၁၄ခုနှစ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်ပြီး ၎င်း စီမံကိန်းမှ လျှပ်စစ် ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်သွားမည်ဖြစ်သည်။
အလယ်ပေါင်းလောင်းစီမံကိန်းနှင့် ပတ်သက်၍ ပေါင်းလောင်းဒေသရှိ ကျောင်းကျေးရွာမှ ဒေသခံ ဦးညွှန့်ဝင်းက "အလယ်ပေါင်းလောင်း ဆောက်မယ်ဆိုတာ မသိဘူး။ ဒေသခံတွေကလည်း မသိဘူး။ အထက်ပေါင်းလောင်း ဆောက်တုန်းကလည်း ဒေသခံတွေမသိတော့ မြေသိမ်းခံရတယ်" ဟု ပြောသည်။
ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့မှ ဥက္ကဋ္ဌ ကိုလွီစီငြိမ်း က "ကျွန်တော်တို့ သိသလောက် အလယ်ပေါင်းလောင်းဆောက်မယ့် နေရာက ရွာမရှိဘူး၊ လူတွေလည်းမရှိဘူး။ အထက်ပေါင်းလောင်း ဆောက်တုန်းက ကျေးရွာတွေပြောင်းရွှေ့လိုက်ရတယ်။
သဘာဝပတ်ဝန်ကျင်းထိခိုက်တဲ့အပြင် အဲဒီ့စီမံကိန်းတုန်းက ဘတ်ဂျက်သုံးစွဲမှု ပွင့်လင်းမြင်သာမှုမရှိခဲ့ဘူး။ ဒီစီမံကိန်း ကျရင်တော့ ပွင့်လင်းမြင်သာမှုရှိရင်တော့ ကောင်းမယ်" ဟု မဇ္ဈိမကို ပြောသည်။
အထက်ပေါင်းလောင်းစီမံကိန်း တည်ဆောက်စဉ်က စီမံကိန်းနှင့် မလွတ်ကင်းသည့် ကျေးရွာပေါင်း ၂၃ ရွာ ရွှေ့ပြောင်းပေးခဲ့ရပြီး၊ အိမ်ခြေ သုံးထောင်ဝန်းကျင် ပြောင်းရွှေ့ခဲ့ရသည်ဟု ယင်းကဆိုသည်။
ရွှေ့ပြောင်းခဲ့ရသည့် လယ်သမားများအား လယ်၁ဧကကို ကျပ် ၆ သိန်း၊ သီးနှံလျှော်ကြေး ၅ နှစ်စာ ကျပ် ၄ သိန်းခွဲအား အစိုးရမှ ၂၀၁၃ ခုနှစ် ဧပြီလတွင် ပေးခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ပေါင်းလောင်း ရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံသည် နေပြည်တော်တိုင်း၊ ပျဉ်းမနားမြို့နယ် အတွင်းတွင် တည်ရှိသည်။
No comments:
Post a Comment