Friday, September 19, 2014

စက်သုံးဆီဆိုင်များ နေ့စဉ်ရောင်းချရမှုပမာဏနှင့် အခွန်ဌာနသို့ တင်ပြသည့်ပမာဏ ကွဲလွဲချက်ရှိနေ

သီဟကိုကို

စက်သုံးဆီဆိုင်များမှ နေ့စဉ်ရောင်းချနေသည့် ဓာတ်ဆီ၊ ဒီဇယ်ဆီပမာဏများနှင့် အခွန်ဌာနသို့ တင်ပြသည့် ပမာဏများသည် ကွဲလွဲချက်များရှိနေသည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကို ပြောသည်။

နေ့စဉ် စက်သုံးဆီရောင်းချရမှုပမာဏနှင့် အခွန်ထမ်းဆောင်ရန် ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ တင်ပြသည့်ပမာဏများသည် ကွဲလွဲချက်များရှိသည့်အတွက် နေ့စဉ်ရောင်းချရမှုပမာဏများကို တိတိကျကျ သိရှိနိုင် ရေးအတွက် အီလက်ထရွန်းနစ် နည်းပညာသုံး စက်ကိရိယာများဖြင့် စိစစ်သွားရန် စတင်ဆောင်ရွက်နေ ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “စက်သုံးဆီဆိုင်တွေက နေ့စဉ်ရောင်းချနေတာနဲ့ ကျွန်တော်တို့ဆီကို တင်ပြတဲ့ပမာဏတွေဟာ ကွဲလွဲချက်တွေဖြစ်နေတတ်တယ်။ ဒါကို ဖြေရှင်းနိုင်ဖို့က အီလက်ထရွန်းနစ် နည်းပညာသုံးစက်တွေကို ဆိုင်တွေမှာ တပ်ဆင်ပြီး အမှန်တကယ် နေ့စဉ်ရောင်းတဲ့ ပမာဏကို ကျွန်တော်တို့ဘက်ကနေ တိုက်ရိုက်ကြည့်ရှုနိုင်အောင် ဆောင်ရွက်သွားမယ်”ဟု ပြောသည်။

ပြည်ပမှ စက်သုံးဆီများ တရားဝင်တင်သွင်းလာချိန်တွင် ကုမ္ပဏီများမှ ပမာဏ မည်မျှတင်သွင်းလာသည်ကို သိရှိနိုင်သော်လည်း ကုမ္ပဏီများမှ ဆိုင်များကို လက်ခွဲပြန်လည်ရောင်းချချိန်တွင် မည်သည့်ဆိုင်သို့ မည် သည့်ပမာဏ ရောင်းချသည်ကို သိရှိနိုင်ရန် ခက်ခဲသွားသည်ဟု ၎င်းက ဆိုသည်။

သို့ဖြစ်ရာ စက်သုံးဆီဆိုင်များက ပြန် လည်ရောင်းချနေသည့် ပမာဏစာရင်းကို အတိအကျတိုင်းတာကာ အခွန်တွက်ချက်သွားနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများက ဆိုသည်။

“စက်သုံးဆီရောင်းချတဲ့အချိန်မှာ ဂါလန် ဘယ်လောက်ရောင်းမလဲ။ ရောင်းချတာကို ဌာနနဲ့ ချိတ်ဆက်ပြီး တိုက်ရိုက်သိရှိနိုင်တဲ့ စက်မျိုးကို တပ်ထားမယ်ဆိုရင် သူတို့ ဘယ်လောက်ရောင်းရောင်း အခွန်ဌာနက သိမှာပဲ။ ဆိုင်က ဂါလန် ၁,၀၀၀ ရောင်းရင် ဂါလန် ၁,၀၀၀ လာပြမယ်။ စာရင်းလျှော့ပြလို့ မရတော့ဘူး။ အခွန်ပမာဏလည်း တိုးတက်လာမယ်ထင်တယ်”ဟု ပြည်တွင်းအခွန်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် စက်သုံးဆီများ၏ နေ့စဉ်ရောင်းချမှုကို သက်ဆိုင်ရာအခွန်ရုံးများက ကွင်းဆင်းစစ်ဆေးပြီး ဆိုင်များ၏ ရောင်းအားနှုန်းကို တွက်ချက်ကာ အခွန်ထမ်းဆောင်စေခြင်းဖြစ်သည်။ စက်သုံးဆီဆိုင်များကို ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းနှင့် ရောင်းချရမှု၏ အသားတင်မြတ်စွန်းငွေ အပေါ်၌ ဝင်ငွေခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံနေသည်။

အီလက်ထရွန်းနစ်နည်းပညာသုံး စက်ကိရိယာများ ၀ယ်ယူတပ်ဆင်အသုံးပြုနိုင်မည့် လုပ်ငန်းအစီအစဉ် အတွက် ပါဝင်ဆောင်ရွက်လိုသော လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားပြီး ပြည်တွင်း၊ ပြည်ပမှ စိတ်ဝင်စား သူများနှင့် ဆွေးနွေးနေသည်။

No comments: