Saturday, September 6, 2014

ရန်ကုန်မြို့ညဈေးတန်းတွင် နာမည်ကြီးစားသောက်ဆိုင်များကို ရောင်ချခွင့်ပြုမည်မဟုတ်

ဖိုးစိုးသူ

ယခုနှစ်အတွင်း ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအနီး ဖွင့်လှစ်မည့် ညဈေးတန်းတွင် နာမည်ကြီးသည့် စားသောက်ဆိုင်များကို ရောင်းချခွင့်ပြုမည်မဟုတ်ဟု မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှုး ဦးကျော်မြတ်မိုး က စက်တင်ဘာ ၅ ရက်တွင် ပြောသည်။

၎င်းက "သန့်ရှင်းသပ်ရပ်ပြီး ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိတဲ့ စားသောက်ဆိုင်ငယ်လေးတွေ ကိုပဲ ရောင်းချခွင့် ပေးသွားမှာပါ။ Brand ရှိတဲ့ ဆိုင်တွေကို ရောင်းချခွင့်မပြုပါဘူး။ ရောင်းချဖို့ ဆိုင်ခန်းတွေကို လက်တလော ခေါ်ထားတာတော့ မရှိသေးပါဘူး။ ကျွန်တော်တို့အဖွဲ့စည်းတွေ စည်ပင်သာယာနဲ့ အလုပ်ရုံဆွေးနွေးပွဲလုပ်ပြီးမှ ဆိုင်ခန်းတွေခေါ်ရင် မီဒီယာတွေကနေ အကြောင်းပြန် သွားမှာ" ဟု ဆိုသည်။

အဆိုပါ ညဈေးတန်းတွင် စားသောက်ဆိုင်ငယ်လေးများ၊ ကလေးအရုပ်ဆိုင်များ၊ ဗေဒင်ဟောခန်းများ ပါဝင်မည်ဖြစ်ပြီး သန့်ရှင်းပြီး ကျန်းမာရေးနှင့်ကိုက်ညီသော အစားသောက်များ ရောင်းချရမည် ဖြစ်ကာ စားသောက်ဆိုင်များအနေဖြင့် ဈေးအဆမတန် မြှင့်တင်ရောင်းချခြင်းမပြုရန်၊ ကားလမ်းများပိတ်ဆို့ခြင်း မဖြစ်စေရန် နှင့် ညဈေးတန်းသုံး အိမ်သာများ စနစ်တကျဆောက်လုပ်နိုင်ရန် တို့ကိုလည်း အသိပေး ဆောင်ရွက်သွားမည် ဖြစ်သည်။

"ကျွန်တော်တို့ချမှတ်ထားတဲ့ စည်းကမ်းကို လိုက်နာနိုင်တဲ့ ဈေးဆိုင်တွေကိုပဲ ခွင့်ပြုပေးသွားမှာပါ။ စည်းကမ်း မလိုက်နာဘူးဆိုရင် သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ စစ်ဆေးပြီး ရောင်းချခွင့်တွေ ပိတ်သိမ်းသွားမှာပါ " ဟု ဦးကျော်မြတ်မိုး ကဆိုသည်။

ညဈေးတန်းဖွင့်လှစ်မည်ဆိုပါက သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လုံခြုံရေးတာဝန်ယူမှု အပြည့်အဝပေးရန်လိုအပ်ပြီး လုံခြုံမှုရှိမှသာ စားသုံးသူများ နှင့် ရောင်းချသူများအတွက် ကောင်းမွန်သော အနေထားဖြစ်နိုင်မည်ဖြစ်ကြောင်း ၁၅ လမ်းရှိ ရှမ်းရိုးရာ အစားစာ ရောင်းချသူ ဦးစိုင်းနောင် ကပြောသည်။

၎င်းက "ညဈေးတန်းဆိုတော့ နိုင်ငံခြားသားတွေလည်းလာမယ်။ အဲဒီတော့ သူတို့အတွက် လုံခြုံရေးလည်း ရှိဖို့လိုမယ်။ နိုင်ငံခြားသားတွေ ပိုက်ဆံလုခံရတာမျိုးတွေ မြို့တွင်းတစ်ဝိုက်မှာ ခဏခဏ ကြုံဖူးတယ်။ ဒီလိုဖြစ်ရင် နိုင်ငံအတွက်လည်း ကောင်းမှာမဟုတ်ဘူး" ဟု ဆိုသည်။

အဆိုပါ ညဈေးတန်း ကို ယခုနှစ်အတွင်း ဖွင့်လှစ်ရန် ရန်ကုန်တိုင်း အစိုးရက ခွင့်ပြုပြီးဖြစ်ကာ ဆိုင်ခန်းပေါင်း ၁၅၀ ကျော်ခန့်ကို ည ၈ နာရီခွဲမှ ၁၁ နာရီခွဲအချိန်ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရန်ကုန်မြို့တွင်း အခြား နေရာများတွင် ညဈေးတန်းများကို ထပ်မံ၍ ဖွင့်လှစ်သွားမည်ဟုလည်း ဦးကျော်မြတ်မိုးက ဆိုသည်။

No comments: