ကေဇူး
သတင်းမီဒီယာများတွင် အများပြည်သူအတွက် ထိခိုက်နစ်နာလာနိုင်ဖွယ်ရှိသည့် ကြော်ငြာများထည့် သွင်း လာခြင်းအပေါ် သတင်းမီဒီယာများက ပြည်သူ့မျက်နှာကြည့်လက်ခံရန်လိုအပ်သကဲ့သို့ အစိုးရကလည်း စစ်ဆေးရန်လိုအပ်ဟု သတင်းမီဒီယာနှင့် နိုင်ငံရေးအသိုင်းအဝိုင်းက ထောက်ပြဝေဖန်လိုက်သည်။
တစ်လလျှင် ကျပ် ၃၀,၀၀၀ ဖြင့် နှစ်နှစ်တိုင် အရစ်ကျငွေပေးသွင်းခြင်းဖြင့် တိုက်ခန်းပိုင်ဆိုင်နိုင်မည့် ကုမ္ပဏီတစ်ခု၏ အိမ်ရာစီမံကိန်းကြော်ငြာကို သတင်းမီဒီယာအချို့တွင် ထည့်သွင်းဖော်ပြလာသည့် အပေါ် အထက်ပါအတိုင်း ဝေဖန်ပြောကြားလိုက်ကြခြင်း ဖြစ်သည်။
ထိုသို့ ကြော်ငြာထည့်သွင်းမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အတွင်းရေးမှူး ဦးကျော်မင်းဆွေက “သံသယဖြစ်စရာကောင်းတဲ့ ကုမ္ပဏီတွေက ကြော်ငြာတွေကိုလက်ခံရင် နောက်ဆက် တွဲ ပြဿနာတွေဖြစ်လာနိုင်တယ်၊ သတင်းဌာနတွေအနေနဲ့ ပြည်သူအတွက်ကြည့်ပြီး လက်ခံဖို့လိုတယ်” ဟု မဇ္ဈိမကို ပြောသည်။
အဆိုပါကုမ္ပဏီမှလည်း မီဒီယာများသို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီးနောက် သတင်းမီဒီယာအချို့တွင် ကြော်ငြာကာ စိတ်ဝင်စားလွှာတင်ပြလာသော ပြည်သူ၏လိုအပ်ချက်အရ အခန်းအရေအတွက်ကို ပြည်ထောင်စုအစိုးရကို ဆောက်လုပ်ခွင့်ပြုရန် တင်ပြမည်ဟု ဆိုထားသည်။
ကြော်ငြာလက်ခံခဲ့သော ပေါ်ပြူလာဂျာနယ်မှ အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ)က “ငါးထောင်တန်ဖုန်းတွေ ထုတ်မယ့် အချိန်က မဖြစ်နိုင်ဘူးဆိုတဲ့အမြင်မျိုး ရှိခဲ့တယ်။ ဒါပေမဲ့ ဖြစ်လာခဲ့တယ်။ ဒီလို စီမံကိန်းတွေ လည်း ရှိလာနိုင်တာ ပြည်သူကို အသိပေးချင်တာပါ” ဟု ပြောသည်။
ကုမ္ပဏီ၏ကြော်ငြာပါအဆိုအရ အခန်းပေါင်း နှစ်သန်းဆောက်လုပ်မည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းဖြစ် ပြီး တိုက်ခန်း တစ်ခန်းလျှင် တစ်လ ကျပ် ၃၀,၀၀၀ ဖြင့် နှစ်နှစ်ဆက်တိုက်ငွေပေးသွင်း ပိုင်ဆိုင်နိုင်မည့် အိမ်ရာစီမံကိန်းဖြစ်သည်။ ထိုသို့ ဆိုလျှင် တိုက်ခန်းလုံးရေ နှစ်သန်းကို အများပြည်သူက ၀ယ်ယူမည် ဆိုပါ က အဆိုပါ ကုမ္ပဏီမှာ လစဉ် ကျပ်သန်းပေါင်း ခြောက်သောင်းရရှိနေမည်ဖြစ်သည်။
တန်ဖိုးနည်းအိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည့် Royal Summit အမည်ရှိ ကုမ္ပဏီက အကောင် အထည်ဖော်မည်ဖြစ်ပြီး သတင်းဌာနအချို့တွင် ကြော်ငြာများ ထည့်သွင်းခြင်း၊ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခြင်းတို့ ပြုလုပ်လာသော်လည်း စီမံကိန်းမြေနေရာကို အတိအကျ မပြောနိုင်သကဲ့သို့ ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိုင်ဆိုင်မှုကိုလည်း ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိကြောင်းကို သတင်းစာ ရှင်းလင်း ပွဲတွင် ဖြေဆိုမှုများက သက်သေပြနေသည်။
ယင်းကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးက “အိမ်ခန်းဝယ်ယူဖို့ တင်ပြလာတဲ့သူ တစ်ဦးချင်းစီက သုံးသောင်းနှုန်း တွေကိုစုပြီး လုပ်ငန်းအကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ဆောက်လုပ်မယ့် ကုမ္ပဏီ ကို လည်း ပြောလို့မရသေးပါဘူး” ဟု စက်တင်ဘာလ ၁၃ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထား သည်။
အိမ်ရာစီမံကိန်းများနှင့် ပတ်သက်ပြီး နိုင်ငံပိုင်မီဒီယာများနှင့် ပုဂ္ဂလိကမီဒီယာများတွင် ကြော်ငြာများထည့် သွင်းမှုများ ရှိလာသော်လည်း ဒေသအစိုးရက ခွင့်ပြုထားခြင်း ရှိ၊ မရှိနှင့် ခွင့်ပြုထားပါက ဒေသ လွှတ်တော် တင်ပြရမည်ဖြစ်ပြီး ထိုသို့ မတင်ပြပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ- ၂၅၈ ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ဝေဖန်သုံးသပ်လိုက်သည်။
“အစိုးရကမသိတဲ့ အိမ်ရာစီမံကိန်းတွေကို အစိုးရကရော ကြော်ငြာခွင့်ပေးနေလား။ ဒါမှမဟုတ် အစိုးရက ခွင့်ပြုထားတာလား။အဲဒီလိုမှ မဟုတ်ရင်တော့ အများပြည်သူကို လိမ်ညာပြီး ကြော်ငြာနေတာ ဖြစ်တယ်လို့ ပြောချင်တယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ အိမ်ရာစီမံကိန်းနှင့် ပတ်သက်၍ ဝေဖန်ရေးဆောင်းပါးရှင် ဦးအောင်မြင့် (ကလောင်-စည်သူ အောင်မြင့်)က “တရုတ် ဆေးခန်းတွေ လိမ်ညာကုတုန်းက ပြည်သူတွေကို ကြော်ငြာပေးတာလည်း ဂျာနယ်တွေပဲ။ ဂျာနယ်တွေကို ကြည့်ပြီးတော့ တရုတ်ဆေးခန်းတွေကို သွားကြတယ်။ နောက်မှ လိမ်လည် တယ်ဆိုတာ သိတယ်။ ဒီကိစ္စကိုလည်း မဖြစ်နိုင်တာ သိသိနဲ့ ကြော်ငြာထည့် လို့နောက်ပိုင်းမှာ လိမ်လည် မှုတွေ ဘာတွေ ဖြစ်လာခဲ့ရင် ကြော်ငြာထည့်တဲ့ ဂျာနယ်မှာလည်း ပြဿနာရှိတယ်” ဟု ပြောသည်။
နှစ်နှစ်အတွင်း အကောင်အထည်ဖော်မည်ဟု ပြောကြားထားသည့် အဆိုပါစီမံ ကိန်းသည်တစ်ခန်းလျှင် စတုရန်းပေ ၆၀၀ နှင့် အမြင့်ပေ ၈ ပေမှ ၁၀ ပေထိ အကျယ် အဝန်းရှိမည်ဟု အဆိုပါကုမ္ပဏီက ဖြန့်ဝေ သည့်စာအုပ်တွင် ဖော်ပြထားသည်။
တင်ပြလာသည့် လျှောက်လွှာများကို ဂျာနယ်တိုက်များက သိမ်းဆည်းပေးရန် အကူအညီတောင်းခံခဲ့သည် ဟုလည်း ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးထံမှ သိရသည်။
ယင်းကုမ္ပဏီသည် လက်ရှိတွင် အိမ်ရာလိုအပ်သူစာရင်းကိုသာ ကောက်ခံခြင်းဖြစ်ပြီး ဆောက်လုပ်ခွင့် ခွင့်ပြုချက်ရရှိမှသာ ပြည်သူထံမှ ငွေကြေးစတင်ကောက်ခံမည်ဟု ၎င်းက မဇ္ဈိမကို ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် မဲဆန်္ဒနယ် အမှတ်(၂) တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက “ပြည်သူလူထုကြားမှာ သံသယဖြစ်စရာ၊ အကျိုးစီးပွားထိခိုက်စရာကိစ္စတွ ပေါ်လာပြီဆိုရင် အစိုးရအနေနဲ့ မှန်ကန်ခြင်း ရှိ၊ မရှိ စစ်ဆေးသင့်တယ်။ ပြီးတော့ ပြည်သူကို မှန်ကန်တဲ့ သတင်းအချက် အ လက်ရအောင် သတင်းထုတ်ပြန်ပြီး အစိုးရရဲ့ ရပ်တည်ချက်ကို ပေးသင့်တယ်။ ပြည်သူကလည်း တန်ဖိုး နည်းတယ်ဆိုတိုင်း မယုံသင့်ဘူး သေသေချာချာ လေ့လာသင့်တယ်” ဟု ပြောသည်။
၂၀၀၀ ပြည့်နှစ်အတွင်းက “ပန်” ဆောက်လုပ်ရေးကုမ္ပဏီက တန်ဖိုးနည်း အိမ်ရာများ အကောင်အထည် ဖော်မည်ဟု ဆိုကာ ပြည်သူများကို ဘဏ်မှတစ်ဆင့် ငွေသွင်းစေခဲ့သော်လည်း အကောင်အထည် ဖော်နိုင်ခြင်း မရှိခဲ့ပေ။
No comments:
Post a Comment