Wednesday, September 3, 2014

သံနန်းဆွဲမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား

ကျော်စွာဝင်း

သံနန်းဆွဲလုပ်ငန်းလုပ်ကိုင်သည့်အိမ်မှ သံနန်းဆွဲရာတွင်အသုံးပြုသည့် ဖွဲမီးဖို မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှုတစ်ခု စက်တင်ဘာလ ၁ ရက် နံနက် ၆ နာရီ ၄၀ မိနစ်ခန့်က တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန် (၂)အတွင်းရှိ (၆၄)ရပ်ကွက် သံလွင်လမ်းတွင် ဖြစ်ပွားခဲ့သည်။

မီးလောင်ကျွမ်းရခြင်းအကြောင်းမှာ သံနန်းဆွဲလုပ်ငန်းရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ ဖွဲ၊ ကတ်ထူစက္ကူနှင့် သစ်သားချောင်းသို့ မီးကူးစက်ရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နံနက် ၆ နာရီ ၄၀ မိနစ်တွင် ဖုန်းဖြင့် တောင်ဒဂုံ မီးသတ်တပ်ဖွဲ့စခန်းသို့ အကြောင်းကြားခဲ့သည်။

ယင်းနောက် ညစောင့်ကိုရဲလင်းမှ DCP 3-Kg မီးသတ်ဆေးဘူး (၁)ဘူး၊ Foam မီးသတ်ဆေးဘူး (၁)ဘူးဖြင့် ကနဦး မီးငြိမ်းသတ်သဖြင့် ၆ နာရီ ၄၈ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး မီးငြိမ်းသတ်ယာဉ်နှစ်စီး၊ ကွပ်ကဲမှုယာဉ်နှစ်စီးဖြင့် မီးသတ်ခဲ့ရာ နံနက် ၆ နာရီ ၅၀ ခန့်တွင် မီးငြိမ်းနိုင်ခဲ့သည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းကြောင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ရဲစခန်းမှ ညစောင့်အလုပ်သမားဖြစ်သူ ကိုရဲလင်းအား (ပ) ၇၈၅/ ၂၀၁၄/ ပုဒ်မ-၂၈၅ ဖြင့် အရေးယူ ထားသည်။

No comments: