Sunday, September 7, 2014

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် အရှုပ်ထွေးဆုံး စိန်ခေါ်မှုမှာ မြေယာအရေးဖြစ်

သီဟကိုကို

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ လိုသည့် မည်သည့် စီးပွားရေး လုပ်ငန်းရှင်မဆို ရင်ဆိုင်ရမည့် အရှုပ်ထွေးဆုံး သော စိန်ခေါ်မှုမှာ မြေယာအရေးဖြစ်နေသည် ဟု မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက် အကူပြုဌာန(MCRB)၏ ဒါရိုက်တာ ဗစ်ကီဘိုမန်က ပြောသည်။

စက်တင်ဘာ ၄ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံရှိရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍ၏ သက်ရောက်မှုများကို လေ့လာဆန်းစစ်ချက်သတင်းစာရှင်း လင်းပွဲတွင် ၎င်းက ကွင်းဆင်းဆန်းစစ်ချက်များ အရ ထိုသို့ ပြောကြားခြင်းဖြစ်သည်။

မြေယာသည် ကျေးလက်မိသားစု များအတွက် လက်ဆုပ်လက်ကိုင် အပြနိုင်ဆုံး ပိုင်ဆိုင်မှုဖြစ်သော်လည်း ခေါင်းပုံဖြတ် ခံနေရပြီး အလွဲသုံးအမြတ်ထုတ်ခံနိုင် သည့် အန္တရာယ်များရှိနေကာ လက်ရှိဥပဒေများ နှင့် မြေ ယာဥပဒေသစ်များအရပါ ကျေးလက်နေ ပြည်သူများကို အကာအကွယ်ပေးနိုင်မှုသည် အကန့်အ သတ်နှင့် သာရှိသည်ဟု ၎င်းက ဆိုသည်။

မြေယာရယူရာတွင် ရပ်ရွာနှင့် တိုင်ပင်ဆွေးနွေးမှု မရှိခြင်း၊ လုံလောက်အောင် ပြုလုပ်မပေးခြင်း၊ စနစ်ကျ သည့်လုပ်ငန်းစဉ် မရှိခြင်းတို့ကို ကွင်းဆင်းလေ့လာ မှုများအရ တွေ့ရှိခဲ့ရပြီး မြေယာအတွက် လျော်ကြေး များပေးရာတွင်လည်း အဂတိလိုက်မှုများ၊ လာဘ်စားမှုများရှိနေသည်တို့ကို တွေ့ရှိခဲ့ရသည်ဟု ဗစ်ကီဘို မန်က ပြောသည်။

စီးပွားရေးလုပ်ငန်းများသည် ကျေးလက်နေ ပြည်သူများထံမှ မြေယာရယူရာတွင် သက်ရောက်မှုများကို ကြို တင်သိမြင်နိုင်ရန် စစ်ဆေးခြင်း၊ ထိခိုက်စေသော အကြောင်းများကို ကြိုတင်တားဆီးခြင်း လုပ်ငန်းစဉ်များ မရှိခြင်းတို့ကိုလည်း တွေ့ရှိရသည်ဟု ဆိုသည်။

မြေယာမူဝါဒနှင့် မြေယာဥပဒေများကို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ပြည့်စုံပြီးမြောက်ခြင်းမရှိဘဲ လုပ်ငန်းစဉ်အသစ်နှင့် အဟောင်းများအကြားတွင်လစ် ဟာမှုများရှိနေပြီး ဥပဒေတစ်ခုနှင့် တစ်ခုထပ်နေ ခြင်း၊ ဆန့်ကျင်ဘက်များဖြစ်နေခြင်းတို့ ဖြစ်ပေါ်နေသည်။ ယင်းဥပဒေများသည် ပြည်သူများကို မည်ကာ မတ္တ သာ အကာအကွယ်ပေးထားခြင်း ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အထက်ပါကဲ့သို့ ဥပဒေရေးရာများတွင် ဖြစ်ပေါ်နေခြင်းကြောင့် ခံစားခွင့်များကို ပစ်ပယ်ခံလိုက်ရသည့် ပြည်သူများသည် ၎င်းတို့၏မြေယာများကို ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းကို ခံရကြရသည်ဟု အစီရင်ခံစာ တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန် တည်ဆောက်ရန် လုပ်ငန်းများဖော်ဆောင်မှု များတွင်လည်း မြေယာ ပြဿနာများကို ဖြေရှင်းခဲ့ရခြင်းဖြစ်သည်။

No comments: