Tuesday, September 23, 2014

တပ်မတော်ကျည် နွားခုနစ်ကောင်ထိ

ဟိန်းကိုစိုး

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ရှိ အမှတ် (၁၃) တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း၏ စက်တင်ဘာ ၁၇ ရက် ပစ်ခတ်လေ့ကျင့်မှုအတွင်း သပိတ်ကျင်းမြို့အနီး၊ ကျောက်ဖျာရွာရှိ ဖူးကင်းကြီး စားကျက် အတွင်းရှိနေသည့် နွားခုနစ်ကောင် ကျည်ထိမှန်ကာ နှစ်ကောင်သေဆုံးခဲ့သည်ဟု ရွာသားအချို့က ပြောသည်။

“အရင်တုန်းက ပစ်မယ်ဆိုရင် နှစ်ရက် သုံးရက်လောက်ကြိုပြောတယ်။ အခုကျတော့ ပစ်မယ့်နေ့ နံနက် ၁၀ နာရီမှာလာ ပြောပြီး ၁၀ နာရီခွဲကျတော့ ပစ်တဲ့အခါ လူတွေပဲ အမြန်ရှောင်နိုင်တာပေါ့” ဟု ဒေသခံ ဦးမင်းမင်းထွန်းက ဆိုသည်။

လေ့ကျင့်ရေးကွင်းသည် သပိတ်ကျင်းမြို့အထွက် မိုင်တိုင် ၆ နှင့် ၇ တို့ကြားတွင်ရှိပြီး ကျောက်ဖျာရွာနှင့်မူ တစ်မိုင်ခန့် အကွာအဝေးအတွင်း ရှိနေခြင်းဖြစ်သည်။

သြဂုတ် ၂၃ ရက် လေ့ကျင့်မှုအတွင်း မွေးရာပါ မသန်စွမ်း အမျိုးသမီးငယ်တစ်ဦး၏ ဦးခေါင်းကို ကျည်ဆန်ထိ မှန်ခဲ့ဖူးပြီး ခုနစ်မိုင် လေ့ကျင့်ရေးသင်တန်းအမှတ်-၂ ကုတင် ၁၀၀ ဆေးရုံတွင် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရသည်။ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးအဆင့်ရှိသူထံ မဇ္ဈိမက ဆက်သွယ် မေးမြန်းသော်လည်း မှတ်ချက် တစ်စုံတစ်ရာ မရပေ။

No comments: