Saturday, September 13, 2014

မြေလွတ် ဧက ၂၀၀ ခန့်လျှောက်ထားလိုသူများကို ဥပဒေကြောင်းအရ အကူအညီပေးမည်

ယုဝေ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း၊ ရွာသာကြီး(စီးပွားရေးတက္ကသိုလ်အလွန်) ရှိ ဧက ၂၀၀ ၀န်းကျင်ခန့်ရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အသုံးပြုရန် လျှောက်ထားလိုသူများကို ဥပဒေကြောင်းအရ အခမဲ့ ကူညီမည်ဖြစ်သည်ဟု ခရမ်းရောင် သာတူညီမျှ ဥပဒေပညာ အသက်မွေး ၀မ်းကျောင်းလုပ်ငန်း၏ ဥပဒေအတိုင်ပင်ခံရှေ့နေ ဦးဖိုးဖြူကမဇ္ဈိမကို ပြောသည်။

ယင်းမြေလွတ်၊ မြေရိုင်းများသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်ကပင် မွေးမြူရေးနှင့် ရေလုပ်ငန်းစီမံကိန်း အကြောင်းပြချက်ဖြင့် သိမ်းယူထားခြင်းဖြစ်ပြီး မည်သည့် စီမံကိန်းမျှ လုပ်ကိုင်ခြင်းမရှိသည့်အတွက် ယခုအခါ အများစုမှာ လယ်ပျက်ရာမှ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ ဖြစ်နေခြင်းကြောင့် အသုံးပြုလျှောက်ထားလိုသူများရှိပါက အခမဲ့ကူညီဆောင်ရွက်ပေးမည်ဟု ၎င်းက ဆိုသည်။

ယင်းမြေများကို ၂၀၁၂ ခုနှစ် မြေလွတ်မြေရိုင်း နှင့် စီမံခွင့်အက်ဥပဒေအရ မြေအသုံးပြုလိုသူများ အနေဖြင့် သုံးပြုခွင့် လျှောက်ထားနိုင်မည် ဖြစ်သည်။

"အဲ့ဒီမြေတွေကို တစ်ကယ်လိုအပ်တဲ့ ပြည်သူတွေက မသိဘဲ ခရိုနီတွေ၊ လူကြီးတွေနဲ့နီးစပ်တဲ့ လုပ်ငန်းရှင်တွေက လျှောက်ထားလို့ လုပ်ကိုင်ခွင့်ရသွားရင် တစ်ကယ်လိုအပ်တဲ့ ပြည်သူတွေ နှစ်နာပါတယ်” ဟု ဦးဖိုးဖြူက ဆိုသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အသုံးပြုလိုသူပြည်သူများအနေဖြင့် နိုင်ငံသားဖြစ်ရမည်၊ ယင်းမြေပေါ်တွင် စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မည့်သူဖြစ်ရမည်၊ မြေပုံကြမ်းရှိ ရမည် စသည်တို့ကိုအထောက်အထားပြသနိုင်သူဖြစ်ရမည်။

ပြည်သူများအနေဖြင့် ဥပဒေကြောင်းအရ တရားဝင်လျှောက်ထားသည်ကို ပြန်လည်ချပေးမှု မရှိခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနက ယင်းမြေများကို စွန့်လွှတ်ပေးခြင်းမရှိပါက တရားစီရင်ရေး မဏ္ဍိုင်ကနေဆောင်ရွက်သွားမည်ဟုလည်း ဦးဖိုးဖြူက ဆိုသည်။

ယင်းမြေများတွင် လျှောက်ထားလိုသည့် ပြည်သူများသည် ဒဂုံမြို့သစ်(အရှေ့/တောင်/ ဆိပ်ကမ်း) မြို့နယ်အတွင်း နေထိုင်သူများဖြစ်ပါက ဥပဒေကြောင်းအရ ပိုမိုသင့်လျော်ပြီး လက်ရှိ အချိန်တွင် လျှောက်ထားရန်စီစဉ်နေသည့် တောင်သူ ၁၀ ဦးသာရှိသေးသည်။

ယင်းအပြင် သက်ဆိုင်ရာဒေသများရှိမြေစာရင်းဌာနများက မြေလွတ်၊မြေလပ်နှင့်မြေရိုင်း စာရင်းများကို တရားဝင်ထုတ်ပြန်ပေးခြင်း မရှိသည့်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းအသုံးပြုလိုသူ ဒေသခံပြည်သူများအနေဖြင့် နစ်နာလျှက်ရှိသည်ဟု ၎င်းက သုံးသပ်ပြောကြားသည်။

မြေလွတ် မြေရိုင်းနှင့် မြေလွတ်တွင် လုပ်ကိုင်ခွင့်ရရှိရန် လျှောက်ထားလိုသူ ပြည်သူများအနေဖြင့် အမှတ်- ၅၁၊ မြေညီထပ်၊(၄၄)လမ်း(အောက်)၊ ဗိုလ်တထောင်မြို့နယ်ရှိ ခရမ်းရောင်သာတူညီမျှ ဥပဒေပညာ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ရုံးခန်းသို့ ဆက်သွယ်နိုင်သည်။

No comments: