Thursday, September 18, 2014

မြဝတီမြို့တွင် မိုင်းများရှာဖွေ စစ်ဆေးခြင်းကို စတင်ပြုလုပ်

ကြယ်ပြာ

ကရင်ပြည်နယ် မြ၀တီမြို့တွင် နှစ်ရက်ဆက်တိုက် ချိန်ကိုက်ဗုံးများ တွေ့ရှိပြီးနောက် မြဝတီမြို့ရှိ လူစည်ကားရာ နေရာများတွင် မိုင်းရှာဖွေ စစ်ဆေးခြင်းကို စက်တင်ဘာလ ၁၇ ရက်မှစ၍ ပြုလုပ်သွားမည်ဟု မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက ပြောသည်။

မြဝတီမြို့ခံ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ အစိုးရတပ်မတော်သားများနှင့် ခရိုင်အုပ်ချုပ်ရေးရုံးမှ လူများ ပူးပေါင်း၍ စက်ကိရိယာများဖြင့် မိုင်းများရှာဖွေခြင်းကို စက်တင်ဘာ ၁၆ရက်က မြ၀တီမြို့မဈေးတွင် စတင်ပြုလုပ်ခဲ့သည်။

မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားနှင့် မြ၀တီမြို့ တရားရုံးရှေ့တို့တွင် စက်တင်ဘာလ ၁၅ ရက်နှင့် ၁၆ရက်တို့က လက်ဖြစ် ချိန်ကိုက်ဗုံးများ တွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ ပူးပေါင်း၍ စစ်ဆေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံမဲဆောက်သို့သွားသည့် မြန်မာနိုင်ငံသားများကို ထိုင်းရဲများက တရားမဝင်ငွေကောက်ခံခြင်းများ ရပ်တန့်ရန် ထိုင်းနိုင်ငံမှ မြဝတီသို့ ရောက်ရှိလာသည့် ကုန်တင်ကားများကို ကရင်လက်နက်ကိုင် အဖွဲ့နှစ်ခုဖြစ်သည့် KNU/KNLA Peace Councilနှင့် DKBAတို့ ပူးပေါင်း၍ ပိတ်ဆို့ပြီးနောက် ချိန်ကိုက်ဗုံးများ တွေ့ရှိခြင်းလည်း ဖြစ်သည်။

လတ်တလောအနေဖြင့် အစိုးရအဖွဲ့ဘက်မှ မြ၀တီမြို့ရှိ လက်နက်ကိုင် အဖွဲ့များ၏ ဆက်ဆံရေးရုံးများမှ တစ်ဆင့် အတူပူးပေါင်း စစ်ဆေးရန် လူများတောင်းခံထားကာ လူအင်အား ထပ်မံတောင်းဆိုလာပါက ထပ်ပေးရန်ရှိကြောင်း KNU/KNLA Peace Council (ကရင်ငြိမ်းချမ်းရေးကောင်စီ) မှ ဆက်ဆံရေးနှင့် လုံခြုံရေး တာဝန်ခံ စောဆေးဝါးက ဆိုသည်။

No comments: