ကေဇူး၊ မြတ်ကျော်သူ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် သြဂုတ် ၃၁ ရက်က ပြုလုပ်ခဲ့သည့် မြန်မာနှင့် နှစ်နိုင်ငံဆွေးနွေးပွဲအပြီးတွင် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံအကြား ပြောဆိုမှုများမှာ ကွဲလွဲနေသည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဒုတိယ၀န်ကြီး (သို့မဟုတ်) အတွင်းဝန်အဆင့်တို့ပါဝင်သည့် ညှိနှိုင်းဆွေးနွေးပွဲကို နှစ်စဉ် အလှည့်ကျကျင်းပခဲ့ပြီး သြဂုတ် ၃၁ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့သည်။
အဆိုပါပွဲတွင် မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော်ဦးဆောင်သည့် အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်မှ နိုင်ငံခြားရေးအတွင်းဝန် Shahidul Haque ဦးဆောင်သည့် အဖွဲ့တို့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည် ၂,၄၁၅ ဦးကို စိစစ်၍ ပြန်ခေါ်နိုင်ရေး နှစ်နိုင်ငံကိုယ်စားလှယ်များပါဝင်သည့် ပူးတွဲလုပ်ငန်းအဖွဲ့ကို နှစ်လအတွင်း ဖွဲ့စည်းဆောင်ရွက်မည်ဟု ဒုတိယ၀န်ကြီး ဦးကျော်သန့်က ပြောဆိုခဲ့သည်ဟု သမ္မတရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါ ဆွေးနွေးပွဲပြီးနောက် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများကို မြန်မာနိုင်ငံက နှစ်လအတွင်း ပြန်လည်လက်ခံမည်ဟု ဘင်္ဂလားဒေ့ရှ်အတွင်းဝန် Shahidul Haque က ပြောဆိုသည်ဟု ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းစာအချို့က ရေးသားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်အခြေစိုက် Daily Sabah, The Daily Star, bdnews24.com သတင်းဌာနများက ရိုဟင်ဂျာများကို ပြန်ခေါ်မည်ဟု သုံးနှုန်းခဲ့ပြီး ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)၏ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြသည့် သတင်းတွင်လည်း ရိုဟင်ဂျာဟု သုံးနှုန်းခဲ့သည်။
သို့သော် ဒုတိယ၀န်ကြီး ဦးကျော်သန့်ကမူ ဒါကာဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်ဘက်က “ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မသုံးစွဲခဲ့ပါဘူး”ဟု ပြောဆိုထားသည်။ အထက်ပါ အချက်များနှင့် ပတ်သက်၍ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်) က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန်ရဲ့သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောကြားချက်တွေမှာ မရိုးမသားလုပ်ဆောင်လာတာတွေပါရှိလာ” ဟု ရေးထားသည်။
ထို့ပြင် “နှစ်နိုင်ငံ သဘောတူညီထားခြင်း မရှိတဲ့အချက်တွေကို မီဒီယာတွေကို ထုတ်ဖော်ပြောကြားတိုင်း မြန်မာနိုင်ငံက သဘောတူလက်ခံမှာလည်း မဟုတ်ပါဘူး” ဟု ဦးဇော်ဌေးက ရေးသားထားသည်။
ရခိုင်ပြည်နယ်အစိုးရ၏ တုံ့ပြန်မှု
“ဟိုဘက်ကို ရောက်နေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဆိုရင်တော့ ရခိုင်မှာ လက်ခံမှာပေါ့၊ အခြားသူဆိုရင်တော့ ဒီမှာ လက်ခံစရာမရှိဘူး”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးဦး လှဟန်က ပြောသည်။
ယင်းဒုက္ခသည်များသည် အစိုးရ၏ နဂါးမင်းစစ်ဆင်ရေးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်ခံရခဲ့သူများဖြစ်ပြီး အချို့မှာ ကုလသမဂ္ဂ၏ အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်ခဲ့ကာ ယခုပြန်ပို့မည့်သူများမှာ ယင်းတို့အနက်မှ ကျန်နေခဲ့သူများဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီဒုက္ခသည် တစ်သိန်းလေးသောင်းကျော်ကို နေရာချထားရေးအတွက် ဒေသခံများနှင့် အစိုးရတို့ ညှိနှိုင်းလျက်ပင်ရှိပြီး ဘင်္ဂလားဒေ့ရှ်မှ ထပ်မံဝင်ရောက်လာမည်ဆိုပါက ဒေသခံများက လက်ခံမည်မဟုတ်ဟု ဆိုသည်။
“မြန်မာနိုင်ငံသားဆိုရင် မြန်မာနိုင်ငံရဲ့ မည်သည့်နေရာမဆို သွားခွင့်ပေးလိုက်ပေါ့၊ ရခိုင်ကိုပဲ လွှတ်တာတော့ ခွင့်မပြုနိုင်ဘူး”ဟု ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ ဦးသန်းထွန်းက ပြောသည်။
၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံသားအဖြစ် စိစစ်ခဲ့ပြီးသူ ၂,၄၁၅ ယောက်ကို ပြန်လည်ခေါ်ယူမည်ဖြစ်ပြီး ထိုသို့ ခေါ်ယူနိုင်ရေးအတွက် နှစ်လအတွင်း နှစ်နိုင်ငံစိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းစိစစ်မည်ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်များကို နှစ်လအတွင်း ပြန်လည်ခေါ်ယူရန် သဘောတူညီထားသော်လည်း မည်သည့်ဒေသတွင် ထားရှိမည်ကိုမူ အစိုးရက ပြောကြားထားခြင်း မရှိသေးပေ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရခိုင်မျိုးနွယ်စုအချို့ ၂၀၁၃ ခုနှစ်က စတင်၍ ပြန်လည် ၀င်ရောက်လာခဲ့ပြီး လူဦးရေ ၃,၀၀၀ ကျော်ရှိသည်။ ၎င်းတို့ကိုမူ ရခိုင်ပြည်နယ်နယ်စပ် တိုင်းရင်းသားကျေးရွာများတွင် အစိုးရက နေအိမ်များ ဆောက်လုပ်၍ နေရာချထားသည်။
No comments:
Post a Comment