ကေဇူး
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် တွင် ရွှံ့မီးတောင်ပေါက်ကွဲမှုကြောင့် ချော်ရည်များ ဖုံးလွှမ်းသွားသဖြင့် ပျက်ဆီးလယ်ဧက စာရင်းကို ဒေသခံများ ကောက်ခံထားရာ လယ်ဧက နှစ်ရာကျော် ပျက်စီးခဲ့သော်လည်း အစိုးရကမူ ၁၀ဧက ကျော်သာ ပျက်ဆီးဟု ဆိုသည်။
ကျောက်ဖြူ မြို့နယ်၊ စည်မော်ကျေးရွာ၊ ရှောက်ချောင်းကျေးရွာနှင့် ကတ္တိန်ကျေးရွာများ ကြားရှိ စားကျက်မြေ တောင်ကုန်းပေါ်မှ ရွံ့မီးတောင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အနီးရှိ လယ်ယာမြေများသို့ ရွှံ့ချော်ရည်များ ဖုံးလွှမ်းခဲ့ခြင်းဖြစ်သည်။
ရွှံ့ချော်ရည်များကြောင့် လယ်ယာပျက်စီးမှုနှင့် ပတ်သက်၍ ရှောက်ချောင်းကျေးရွာမှ ကိုကျော်ဝင်းက “အစိုးရတိုင်းတာက မီးတောင်ပေါက်လို့ ချက်ချင်းဖုံးသွားတဲ့ ဧကကို တိုင်းတာ။ ထပ်ပြီး ပျော်ကျလာတဲ့ လယ်တွေကို မတိုင်းဘူး”ဟု မဇ္ဈိမကိုပြောသည်။
တောင်သူများ၏ တိုင်းတာချက်အရ လယ်ယာမြေ ဧက နှစ်ရာကျော် ပျက်စီးသည်ဟု ဆိုသော်လည်း အစိုးရက လယ်သမား ၂၀ ဦး လယ်ယာမြေ ၁၂.၄၀ ဧက ပျက်စီးသည်ဟုကျောက်ဖြူ မြို့နယ် အေးချမ်းသာရေးနှင် ဖွံ့ဖြိုးရေးကောင်စီ (မ.ယ.က)ဥက္ကဋ္ဌ ဦးညီညီလင်းက ဆိုသည်။
“ကျွန်တော်တို့ တိုင်းတာထားတဲ့ ဧကအတိုင်း လယ်သမားတွေအတွက် နေရာပြန်ပေးမယ်၊ ဒီနှစ်အတွက် သီးစားစရိတ်ကိုလည်း ပေးနိုင်အောင် ပြည်နယ်အစိုးရကို တင်ပြထားတယ်”ဟု မဇ္ဈိမကိုပြောသည်။
၎င်းကျေးရွာများသည် ကျောက်ဖြူအထူးစီးပွားရေးဇုံ အနီးတွင်ရှိပြီး ယခင်က အထူးစီးပွားရေးဇုံအဖြစ် လျာထားသတ်မှတ်ထားသော်လည်း ရွှံ့မီးတောင်တွေ့သဖြင့် ဇွန်လ အတွင်းက ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။
ကျောက်ဖြူ မြို့နယ်တွင် ရွှံ့မီးတောင် သုံးခုရှိပြီး သစ်ပုတ်တောင်၊ နဂါးတောင်တို့တွင်လည်း နဂါးပွတ်တောင်ဟု ဒေသတွင် ခေါ်ဆိုသော ရွှံ့မီးတောင်များရှိသေးသည်။
No comments:
Post a Comment