Saturday, September 6, 2014

ဖွဲ့စည်းပုံ ပြင်ဆင်မှု ၉၀ ရာခိုင်နှုန်းကျော်ပြီးပြီဟုဆို

မင်းဟိန်းထက်

၂၀၀၈ ဖွဲ့စည်းပုံ၏ ပုဒ်မ ၄၅၇ခု နှင့် အာဏာခွဲဝေမှုဇယားများပါ ပြဋ္ဌာန်းချက် ပြင်ဆင်မှုများ အဆုံးသတ်ပြီဖြစ်၍ လုပ်ငန်း ပမာဏ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဟု ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ အဖွဲ့ဝင် အမျိုးသားလွှတ်တော်အမတ် ဦးဗညားအောင်မိုးက စက်တင်ဘာ ၅ရက် တွင် မဇ္ဈိမကို ပြောသည်။

“ ဇယားကွက် ၂ ခုတော့ ပြင်လို့ပြီးသွားပါပြီ။ နှစ်ရက်နားပြီး အစည်းအဝေးပြန်စပါမယ်။ ကျန်တဲ့ ဇယားတွေကို ခုလွှတ်တော်မစခင် အပြီးသတ်မှာပါ”ဟု ၎င်းက ဆိုသည်။

အာဏာခွဲဝေမှုဆိုင်ရာ ဇယားများကို ပြင်ဆင်ရန် စက်တင်ဘာ ၄ ရက်မှ စကာ နေပြည်တော်ရှိ လွှတ်တော်ဝန်းအတွင်း အစည်းအဝေးပြုလုပ်နေခြင်းဖြစ်သည်။

ဖွဲ့စည်းပုံပါ ပုဒ်မ အားလုံးအပြင် ပြည်ထောင်စု ဥပဒေပြုစာရင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြု စာရင်းပါ ဇယားများ ပြင်ဆင်ပြီးဖြစ်သည်ဟု အခြားသော အဖွဲ့ဝင် အချို့ကလည်း အတည်ပြုသည်။

ထို့ကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥပဒေပြုစာရင်း၊ လွှတ်တော် အမတ်တို့၏ ကတိသစ္စာပြုချက်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့် အခွန်အခ စာရင်း တို့သာ ပြင်ဆင်ရန်ကျန်ရှိတော့သည်။

အခန်း ၁၅ ခန်းပါ ဖွဲ့စည်းပုံကို ပြင်ဆင်ရာတွင် သဘောကွဲလွဲမှုများ ရှိခဲ့သော်လည်း ပြည်သူ့ ဆန္ဒနှင့် အနီးစပ်ဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု ကော်မတီဝင် ဒေါက်တာအေးမောင်က ပြောသည်။

“ အရင်ကထက်စာရင် ဆွေးနွေးရတာ တော်တော်အဆင်ပြေလာတယ်။ သဘောထားကွဲတာတွေလည်း လျော့လာတယ် ” ဟု ၎င်းကဆိုသည်။ သို့သော် စည်းမျဉ်းစည်းကမ်းများကြောင့်ဖွဲ့စည်းပုံပြင်ဆင်မှု အသေးစိတ်ကိုမူ ကော်မတီဝင်တို့ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိကြပေ။

ပြင်ဆင်ရေး လုပ်ငန်းများပြီးစီးပါက ဥပဒေကြမ်းရေးဆွဲကာ ကော်မတီ၏ သုံးသပ်ချက်အစီရင်ခံစာ တစ်စောင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရန် စီစဉ်ထားပြီး လာမည့် ဒီဇင်ဘာလအမီ ဆောင်ရွက်နိုင်လိမ့်မည်ဟု ဒေါက်တာအေးမောင်က ခန့်မှန်းသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ၂၀၁၅ ခုနှစ်၊ နှစ်ကုန်ပိုင်းအတွင်း ကျင်းပမည်ဟု မျှော်မှန်း ထားသည့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ ခြောက်လ အလိုတွင် ကော်မတီ၏ လုပ်ငန်းများကို အဆုံးသတ်ရန် ညွှန်ကြားထားသည်။

No comments: