မင်းမင်း
တစ်လ ကျပ်ငွေသုံးသောင်းဖြင့် နှစ်နှစ်တိတိ အရစ်ကျပေးသွင်းပါက တိုက်ခန်းပိုင်ဆိုင်နိုင်မည်ဟု Royal Summit ကုမ္ပဏီ၏ ဂျာနယ်အချို့တွင် ကြော်ငြာနေမှုအပေါ် ရန်ကုန်တိုင်းအစိုးရအနေဖြင့် သဘောထားမှတ်ချက် တိတိကျကျပေးသင့်သည်ဟု တိုင်းလွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းက စက်တင်ဘာ ၂၄ ရက်က ရန်ကုန်တိုင်း လွှတ်တော်၌ တောင်းဆိုလိုက်သည်။
“မီဒီယာတွေမှာ တွေ့နေရတဲ့ သုံးသောင်းပေးရင်၊ လေးသောင်းပေးရင် အိမ်ယာတွေဝယ်လို့ရမယ်ဆိုတော့ ဒီစီမံ ကိန်းတွေကရော ဘာတွေလဲ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရက သဘောထားမှတ်ချက် အတိအလင်းပေးဖို့ လို ပါတယ်” ဟု ဒေါက်တာညိုညိုသင်းက လွှတ်တော်တွင် ပြောသည်။
ဒေါက်တာညိုညိုသင်းအနေဖြင့် အမတ်တစ်ဦး၏ အဆိုကို ဝင်ရောက်ဆွေးနွေးစဉ်တောင်းဆိုလိုက်ခြင်းဖြစ်ပြီး လက်ရှိတွင် တိုင်းအစိုးရက သဘောထားမှတ်ချက် တစ်စုံတစ်ရာပေးခဲ့ခြင်း မရှိသေးပေ။
အဆိုပါ ကုမ္ပဏီ၏ ကြော်ငြာတွင်မူ အခန်းပေါင်း နှစ်သန်းဆောက်လုပ်မည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းဖြစ်ပြီး တစ်လလျှင် ငွေကျပ်သုံးသောင်းပေးသွင်းကာ နှစ်နှစ်ဆက်တိုက်ငွေပေးသွင်းပါက တိုက်ခန်းတစ်ခန်း ပိုင်ဆိုင် နိုင်မည့် အိမ်ရာစီမံ ကိန်းဖြစ်သည်။
ထို့ကြောင့် ၎င်းတို့အကောင်အထည်ဖော်မည့် တိုက်ခန်းလုံးရေ နှစ်သောင်းကို ပြည်သူများက ဝယ်ယူမည်ဆိုပါ က အဆိုပါ ကုမ္ပဏီမှာ လစဉ်ကျပ်သန်းပေါင်း ခြောက်သောင်းရရှိနေမည့်သဘော ဖြစ်နေသည်။
သို့သော် ထိုကုမ္ပဏီအနေဖြင့် နိုင်ငံပိုင်မီဒီယာများနှင့် ပုဂ္ဂလိကမီဒီယာအချို့တွင် ၎င်းတို့၏ စီမံကိန်းကို ကြော်ငြာများ ထည့်သွင်းခြင်း၊ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခြင်းတို့ ပြုလုပ်လာသော်လည်း စီမံကိန်းမြေနေရာကို အတိအကျ မပြောနိုင်သကဲ့သို့ ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိုင်ဆိုင်မှုကိုလည်း ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိပေ။
၂၀၀၀ ပြည့်နှစ်အတွင်းက “ပန်” ဆောက်လုပ်ရေးကုမ္ပဏီက တန်ဖိုးနည်း အိမ်ရာများ အကောင်အထည် ဖော်မည်ဟု ဆိုကာ ပြည်သူများကို ဘဏ်မှတစ်ဆင့် ငွေသွင်းစေခဲ့သော်လည်း အကောင်အထည် ဖော်နိုင်ခြင်း မရှိသည့် သာဓကများ ရှိခဲ့ဖူးသည်။
No comments:
Post a Comment