ABC
ဂျာမနီနိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတဦးသိန်းစိန်ဟာ မနေ့တုန်းက ဂျာမန်ဝန်ကြီးချုပ် Angela Markel နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာအနေနဲ့ ဘာတွေလုပ်ဆောင်ဖို့ လိုသလဲဆိုတဲ့အပေါ်မှာ အမြင်ချင်း တူညီကြပေမယ့် ဘယ်ကိစ္စကို အရင်ဆောင်ရွက်ရမလဲ ဆိုတဲ့အပေါ်မှာတော့ အမြင်မတူမှုတွေ ရှိနေပါတယ်။
ဂျာမန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးမှု ရရှိဖို့အတွက် အရင်ဦးဆုံး ငြိမ်းချမ်းရေး ရှိဖို့လိုအပ်ပြီး ငြိမ်းချမ်းရေးရရှိဖို့အတွက် လူနည်းစုတွေကို တန်းတူညီမျှခွင့် ပေးဖို့လိုအပ်သလို သီးခံမှုလည်း လုပ်ရမယ်လို့ ပြောသွားခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်ကတော့ စီးပွားရေး အောင်မြင်မှု အရင်ရရှိမှသာ ဒီမိုကရေစီ စနစ်ကို အလွယ် တကူ သွားနိုင် မယ်လို့ ပြောဆို သွားပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို သုံးနှစ်ကျင့်သုံး လာပေမယ့် အခက်အခဲတွေ အများကြီးရှိခဲ့တယ်လို့ ထောက်ပြပြောဆို ခဲ့ပါတယ်။
ဒါပေမဲ့ ဒီလို ကြီးမားတဲ့ ဒီမိုကရေစီစနစ်ကို သူ့အစိုးရ အဖွဲ့အနေနဲ့ သွေးမစွန်းပဲ အမှုထမ်းဆောင် နိုင်ခဲ့တယ်လို့လည်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
သမ္မတရဲ့ ပြောဆိုမှုကို ဂျာမန်ဝန်ကြီးချုပ် ကလည်း အသိအမှတ်ပြုလိုက်ပြီး သုံးနှစ်တာ ကာလ အတွင်း မီဒီယာ လွတ်လပ်ခွင့် ရှိလာသလို မြန်မာက ဆင်းရဲတဲ့ နိုင်ငံဖြစ်နေသေးပေမယ့် ၇ ရာခိုင်နှုန်း တိုးတက်မှု ရှိတဲ့ အတွက် ကောင်းမွန်တဲ့ လက္ခာဏာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ၂၀၁၅ မှာ ကျင်းပမယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲမှာ တရားမျှတ လွတ်လပ်မှုရှိပြီး လူတိုင်းက မိမိပါတီကို ကိုယ်စားပြုခွင့် ရှိမယ်လို့ မျှော်လင့်ကြောင်းလည်း Angela Merkel က ပြောပါတယ်။
ဂျာမနီအနေနဲ့ ရင်းနှီးမြုပ်နှံမှု လုပ်လိုသလို မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးရေး အကူအညီတွေ ထပ်မံပေးသွားဖို့ ရှိပေမယ့် မြန်မာ လူ့အခွင့်အရေး အခြေအနေပေါ် အနီးကပ် စောင့်ကြည့် သွားမယ် လို့လည်း ပြောပါတယ်။
သမ္မတ ဦးသိန်းစိန် ရောက်ရှိနေတဲ့ ဂျာမနီနိုင်ငံကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် ကလည်း ဧပြီလတုန်းက သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တချို့ဖြစ်ပေါ်နေပေမယ့် ဒီမိုကရေစီ နိုင်ငံမဟုတ်သေးဘူးလို့ ပြောခဲ့ဖူးပါတယ်။
သမ္မတဦးသိန်းစိန်ဟာ ဒီကနေ့မှာတော့ ဂျာမနီသမ္မတနဲ့ တွေ့ဆုံဖို့ရှိပြီး အဲဒီနောက်မှာတော့ ဆွစ်ဇာလန်နဲ့ နယ်သာလန်နိုင်ငံတို့ကို သွားရောက်မှာ ဖြစ်ပါတယ်။

No comments:
Post a Comment