Saturday, September 27, 2014

မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံအကြား ဆက်သွယ်ရေး ကဏ္ဍအသီးသီး ပူးပေါင်းမှု တိုးမြှင့်မည်

ထင်လင်းအောင်

မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ကိစ္စရပ်များကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ဗီယက်နမ်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီး Mr.Nguyen Bac Son က နှစ်နိုင်ငံလုပ်ငန်းရှင်များနှင့် မီဒီယာများကို ပြောကြားလိုက်သည်။

နှစ်နိုင်ငံဆက်သွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန်အတွက် ဗီယက်နမ်စာတိုက်နှင့် ဆက်သွယ်ရေးအဖွဲ့ ( VNPT )၏ အဖွဲ့ခွဲဖြစ်သော VNPT Internationalက စက်တင်ဘာ ၂၃ရက်က မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲဖွင့်ပွဲကို ရန်ကုန်မြို့ Sky Star ဟိုတယ်တွင် ကျင်းပခဲ့ရာ အဆိုပါပွဲတွင် Mr. Nguyen Bac Son က ပြောခဲ့ခြင်း ဖြစ်သည်။

ဗီယက်နမ်ဆက်သွယ်ရေး ဝန်ကြီး Mr Nguyen Bac Son က “ နှစ်နိုင်ငံအကြား ဘက်စုံလွှမ်းခြုံတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို နယ်ပယ်များစွာမှာ ပြုလုပ်သွားဖို့ရှိပြီး ဆက်သွယ်ရေးနည်းပညာကဏ္ဍကို ဦးစားပေး သတ်မှတ်ထားထားပါတယ် ” ဟု ပြောသည်။

VNPT International သည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခြင်းနှင့်အတူ မကြာမီကာလတွင် မြန်မာနိုင်ငံ၌ ICT ထုတ်ကုန်များ၊ ဖိုက်ဘာဆက်ကြောင်း နှင့် စမတ်ဖုန်းဝန်ဆောင်မှုများပေးခြင်း၊ မြန်မာမှ မိတ်ဖက်ကုမ္ပဏီများနှင့် ပူးပေါင်းကာ မိုဘိုင်းဖုန်းဝန်ဆောင်မှုပေးခြင်း၊ အိုင်တီနည်းပညာ နှင့် ဆက်သွယ်ရေး ကွန်ယက်များ တည်ဆောက်ရန် နည်းပညာ နှင့် အကြံဉာဏ်ပေးခြင်း၊ VINAST ဂြိုလ်တုလိုင်း အသုံးပြုထားသော ရုပ်မြင်သံကြား ဝန်ဆောင်မှုပေးခြင်းများ အကောင်အထည်ဖော် သွားမည်ဟု VNPT ၏ ဥက္ကဋ္ဌ Mr Pham Leng Tram က အဆိုပါပွဲတွင် ပြောသည်။

လက်ရှိတွင် VNPT ၏ အဖွဲ့ခွဲဖြစ်သော VNPT International အဖွဲ့သည် ပြည်တွင်းဆက်သွယ်ရေး ဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီများဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ ရတနာပုံတယ်လီပို့ အပြင် Fortune ကုမ္ပဏီ၊ အေဝမ်းကုမ္ပဏီ၊ Elite ကုမ္ပဏီများနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ရှိနေသည်။

No comments: