Tuesday, September 9, 2014

ရန်ကုန်မြို့သစ်စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် တံတားစီမံကိန်းအတွက် အိမ်ယာဆောက်ပေးမည်ဟုဆိုကာ မြေသိမ်းနေ

ခင်မြတ်မြတ်ဝေ

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ဗားကရာနှင့် အလတ်ချောင်းကျေးရွာကို ဆက်သွယ်မည့် တံတားဆောက်လုပ်ရေး စီမံကိန်းတွင် မလွတ်ကင်းသည့် အိမ် ၅၁လုံးကို အောက်တိုဘာ နောက်ဆုံးထား ဖယ်ရှာပေးရန် မြန်မာ့စေတနာကုမ္ပဏီက လာရောက်ညှိနှိုင်းခဲ့ပြီး ဖယ်ရှားရသည့် အိမ်များကို ကုန်းပတ်ရွာတွင် အိမ်ရာစီမံကိန်းတစ်ခု ပြန်ဆောက်ပေးမည်ဟု သြဂုတ်လအတွင်းက ကတိပေးခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ယင်းသို့ ညှိနှိုင်းမှုကို ၄၈အိမ်က သဘောတူကြောင်း လက်မှတ်ရေးထိုးခဲ့ပြီး ၃အိမ်ကမူ လက်မှတ်မထိုးဟု လက်မှတ်မထိုးသည့် အလတ်ချောင်းကျေးရွာသား တစ်ဦးက မဇ္ဈိမကို ပြောသည်။

"အခုဟာက သီတင်းကျွတ်ကို ဖယ်ခိုင်းတယ် ပြောင်းရွေ့စရိတ် တစ်လ၂သိန်းပေးမယ်။ ၃လစာပေးမှာ ဟိုမှာမဆောက်ရသေးဘဲနဲ့ ကိုယ်က ပြောင်းပေးရမယ်။ တို့ပြောင်းမယ့်နေရာကို မဆောက်ရသေးဘဲနဲ့ ကြိုဖျက်ခိုင်းတာ။ အဲဒါကို တို့ကသဘောမတူဘူး"ဟု အဆိုပါ ဒေသခံက ပြောသည်။

မြန်မာ့စေတနာ ကုမ္ပဏီမှ တာဝန်ရှိသူများက သြဂုတ်လ ၂ရက်တွင် အလတ်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ဒေသခံများနှင့် လာရောက်တွေ့ဆုံကာ ညှိနှိုင်းခဲ့ခြင်းဖြစ်ပြီး ကြည့်မြင်တိုင်မြို့နယ် အတွင်းရှိ ကုန်းပတ်ရွာတွင် စေတနာအိမ်ရာစီမံကိန်းအဖြစ် ပေ ၄၀×၆၀ လုံးချင်းအိမ်၊ တစ်အိမ်ထောင်ကို တစ်လုံး ဆောက်ပေးမည်ဟု ညှိနှိုင်းခဲ့ကြောင်း အလယ်ချောင်းကျေးရွာ ရပ်မိရပ်ဖ ဦးကျော်ဝင်းက ပာသည်။

အိမ်ယာအတွင်းရှိ အိမ်တစ်လုံးချင်းစီတွင် ကားပါကင်၊ စတီခုံတစ်စုံ၊ အိပ်ခန်းသုံးခန်း၊ ရေကူးကန် စသည်တို့ပါ ထည့်ပေးမည်ဟု မြန်မာ့စေတနာကုမ္ပဏီ ဒါရိုက်တာက မက်လုံးပေးခဲ့သည်ဟု ဒေသခံများက ဆိုသည်။

"အခုဟာက ကိုယ့်မြေကို ပါမစ်လေးနဲ့လည်းနေရမယ်၊ ကိုယ့်ခြံကိုယ့်ဝန်းလေးနဲ့လည်း နေရမယ်ဆိုတော့ အဆင်ပြေတာပေါ့ အခုနေရတာက အိမ်တွေက ဖင်ချင်းကပ်နေတယ်။ အိမ်ဆက်နေတော့ လေဝင်လေထွက် မရှိဘူး၊ ပိတ်ဆို့နေတယ်။ အခုလိုဆောက်ပေးမယ်ဆို ဖွံ့ဖြိုးသွားမယ်လို့ မျှော်လင့်ပါတယ်"ဟု ဦးကျော်ဝင်းက ပြောသည်။

စေတနာအိမ်ယာတည်ဆောက်ရေး စီမံကိန်းအတွက် မြန်မာ့စေတနာ ကုမ္ပဏီမှ တာဝန်ရှိသူအပါအဝင် ဒေသခံ ရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးမှူးတို့ ပါဝင်သည့် စေတနာ အိမ်ယာ တည်ဆောက်ရေး စီမံကိန်း စိစစ်ရေးကော်မတီကို သြဂုတ် ၂ရက်က အဖွဲ့ဝင် ၁၁ဦးဖြင့် ဖွဲ့စည်းထားသည်ဟု ကော်မတီ ဒါရိုက်တာအဖွဲ့ဝင် ဦးခင်မောင်ရင်က မဇ္ဈိမကို ပြောသည်။

ယင်းအပြင် တံတားစီမံကိန်းအတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံမှ ပဏာမ တိုင်းတာသည့် လုပ်ငန်းအတွက် ရန်ကုန်တိုင်း အစိုးရက သြဂုတ်လအတွင်း ခွင့်ပြုလိုက်သည်ဟုလည်း ၎င်းက ပြောသည်။

သို့သော် ယင်းစီမံကိန်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းလွှတ်တော်တွင် ဆွေးနွေးထားခြင်း မရှိဟု ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက မဇ္ဈိမကို ပြောသည်။

"တံတားစီးမံကိန်းကို အန်တီတို့လည်းမသိဘူး အစိုးရကလည်း မသိဘူး ဒေသခံတွေကလည်း ကိုယ့်မြေကို ကိုယ်မဖယ်ပေးချင်ရင် ရတယ်လေ။ ကုမ္ပဏီကပြောတိုင်း ဖယ်ပေးစရာမလို့ဘူး။ ဒီလို ကုမ္ပဏီကို ဘယ်လို ခွင့်ပြုချက်ရထားလို့ လုပ်ရဲထားတာလဲတော့ မသိဘူး"ဟု ၎င်းကဆိုသည်။

ယင်းတံတားစီမံကိန်းသည် ကျပ်သန်းပေါင်း မြောက်များစွာ ကုန်ကျမည့် ရန်ကုန်မြို့သစ်စီမံကိန်းထဲတွင် ပါဝင်သည့် စီမံကိန်း တစ်ခုဖြစ်ပြီး ရန်ကုန်မြို့သစ်စီမံကိန်း ဖေါ်ဆောင်မည်ဖြစ်ကြောင်း သြဂုတ်လ ၂၂ ရက် ရန်ကုန်တိုင်း လွှတ်တော်တွင် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက သဝဏ်လွှာပေးပို့ပြီးနောက် ရုတ်တရက် ထွက်ပေါ်လာသည့် စီမံကိန်းအပေါ် ပွင့်လင်းမြင်သာမှု မရှိကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

မြို့သစ် စီမံကိန်းလုပ်ဆောင်ရန် မြန်မာ့စေတနာမြို့သစ် အများပိုင် ကုမ္ပဏီကို တာဝန်ပေးအပ်ထားသည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ လွှတ်တော်သို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်း ရေးသားထားခဲ့ပြီး သြဂုတ် ၁၈ရက်တွင်မူ ယင်းစီမံကိန်းအတွက် တင်ဒါခေါ်ယူမည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

No comments: