Monday, September 22, 2014

iPhone 6 နှင့် 6 plus ပြည်တွင်းဈေးကွက်တွင် ၀ယ်ယူနိုင်ပြီ

မောင်မန်း

ပြည်တွင်းဈေးကွက်တွင် iPhone 6 နှင့် 6 plus ကို စက်တင်ဘာ ၂၂ ရက်တွင် စတင်ရောင်းချမည်ဟု တာမွေမြို့နယ်အတွင်းရှိ U Store မိုဘိုင်းဖုန်းအရောင်းဆိုင်မှ ပိုင်ရှင်ဖြစ်သူ ကိုနေသူအောင်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

၎င်းက “ဈေးကွက်ထဲကို ၁၁ လုံးရောက်မယ်။ စင်ကာပူအလုံးတွေပါ။ Gold နဲ့ Silver နှစ်မျိုးပါမယ်။ 6 က 16 GB နဲ့ 128 GB ပါမယ်။ 6 plus က 16 GB နဲ့ 64 GB ပါတယ်။ ထပ်ပြီးလည်း မှာထားပါတယ်။ ဒီက စိတ်ဝင်စားတဲ့အပေါ်မူတည်ပြီး ရောင်းသွားပါမယ်” ဟု ဆိုသည်။

ဈေးနှုန်းများအနေဖြင့် iPhone 6 16GB အတွက် ကျပ် တစ်ဆယ့်လေးသိန်း ၊ 128GB အတွက် ကျပ် တစ်ဆယ့်ခြောက်သိန်း ကျသင့်မည်ဖြစ်ပြီး iPhone 6 plus 16GB အတွက် ကျပ် သိန်းနှစ်ဆယ်၊ 64GB အတွက် ကျပ် နှစ်ဆယ့်တစ်သိန်း ဖြစ်သည်ဟု ကိုနေသူအောင်က ပြောသည်။

iPhone 6 သည် အရွယ်အစား ၄ ဒသမ ၇ လက်မရှိမည်ဖြစ်ပြီး iPhone 6 plus သည် ၅ ဒသမ ၅ လက်မရှိမည်ဖြစ်သည်။ iPhone 6 ၏ မျက်နှာပြင်ကို Retina Display ဖြင့် ပြုလုပ်ဖန်တီးထားကာ ပုံရိပ်သိပ်သည်းမှု 326 ppi ရှိမည်ဖြစ်ပြီး 1,334 x 750 resolution ရှိမည်ဖြစ်သည်။ ဒီဇိုင်းကို ၀ိုင်းစက်သည့် ထောင့်ချိုးများအဖြစ် ပြောင်းလဲထားပြီး သံကိုယ်ထည်ဖြင့်သာ ဆက်လက်ထုတ်လုပ်ထားသည်။

ကင်မရာပိုင်းတွင် iPhone 6 တွင် 8 megapixel ရှိ iSight ကင်မရာပါဝင်မည်ဖြစ်ပြီး ဗီဒီယိုရိုက်ကူးမှုတွင် 1080p HD အရည်အသွေးရရှိမည်ဖြစ်ပြီး HDR ဗီဒီယိုများလည်း ရိုက်ကူးနိုင်မည်ဖြစ်သည်။

iPhone ၏ မျက်နှာပြင်တိုင်းတာမှုသည် ထောင့်ဖြတ်တိုင်းတာမှု မဟုတ်ဘဲ အရှည်ကို တိုင်းတာခြင်း ဖြစ်သဖြင့် iPhone 6 Plus ၏ မျက်နှာပြင်သည် အခြား ၅ ဒသမ ၅ လက်မ အရွယ်အစား ဖုန်းများထက် ပိုကြီးမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ထိပ်တန်းစမတ်ဖုန်းများ၏ ဈေးနှုန်းမှာ ကျပ်ခြောက်သိန်း မှ ဆယ်သိန်း ၀န်းကျင် ဖြစ်သည်။

No comments: