လင်းသန်
နိုင်ငံတကာ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီပေးရေးအဖွဲ့ တဖွဲ့ဖြစ်သည့် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့(MSF)ကို နိုင်ငံ ရေးနှင့် မပတ်သက်ရန် သတိပေးခံရကြောင်း သတင်းရရှိသည်။
မကြာသေးမီက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် အကူအညီပေးလက်စ လုပ်ငန်းများ ပြန်လည် လုပ်ကိုင်ရန် အစိုးရက ကမ်းလှမ်း ခဲ့ ၍ လုပ်ငန်းများ စတင်လျက်ရှိစဉ် MSF အား ထိုကဲ့သို့ သတိပေးခံရခြင်းဖြစ်ကြောင်း ယမန်နေ့ ရက်စွဲဖြင့် ဘန်ကောက်ပို့စ် သတင်းက ဖော်ပြသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ်က ဒေသခံပြည်သူများက MSF အဖွဲ့အစည်းအပေါ် ယုံကြည်မှု မရှိသောကြောင့် ယခု လုပ် ငန်းများပြန်လည် စတင်သည့်အခါ အထိအခိုက်မခံသည့် လူမှုဝန်းကျင်အခြေအနေတွင် သိမ်မွေ့စွာ ဆက်ဆံသင့်ကြောင်း လည်း ပြောဆိုသည်ဟု ဆိုသည်။
“MSF အနေနဲ့ ပြန်လည်စတင်တဲ့ အကူအညီပေးရေးလုပ်ငန်းတွေလုပ်တဲ့ အခါ ဒီဒေသမှာ အတော်သတိထားပြီး လုပ်သင့် တယ်။ အဖွဲ့အစည်းတခု၊ လူပုဂ္ဂိုလ်တွေအတွက် အဆွယ်တရားလုပ်တဲ့ ပုံစံမျိုးလို ဘယ်လိုလှုပ်ရှားမှုတွေက မဆို ကင်းကင်းရှင်း ရှင်းနေသင့်တယ်”ဟု ရခိုင်ပြည်နယ် အစိုးရ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောဆိုသည်။
MSF အနေဖြင့် လူသားချင်း စာနာမှုဆိုင်ရာ ကူညီမှုအပေါ်၌သာ အာရုံထားလုပ်ဆောင်သင့်ပြီး တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုများဖြင့် ဒေသခံ ပြည်သူများ၏ ယုံကြည်မှုကို တည်ဆောက်သင့်ကြောင်းလည်း ၄င်းက ပြောသည်ဟု သိရသည်။
လွန်ခဲ့သည့် စနေနေ့က ရခိုင်ပြည်နယ် အစိုးရ ၀န်ကြီးချုပ်သည် အကူအညီပေးရေးအဖွဲ့များ၏ ကိုယ်စားလှယ်များနှင့် ဒေသဆိုင်ရာ အရေးပေါ် ပူးပေါင်း အကူအညီပေးရေးဆိုင်ရာ ကော်မတီတို့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပူး ပေါင်း အကူအညီပေးရေး ကော်မတီသည် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ ၏ လုပ်ငန်းဆောင်ရွက်မှုများကို စောင့်ကြည့်ရန် ဒေသခံ ဗုဒ္ဓဘာသာဝင်များက လွန်ခဲ့သည့်မတ်လက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
MSF က မြန်မာနိုင်ငံတွင်း ကျန်းမာရေးကူညီမှုများကို ကချင်၊ ရှမ်း၊ ရခိုင်၊ တနင်္သာရီ ပြည်နယ်များတွင် လုပ်ဆောင်ပေးနေလျက် ရှိ ရာ ၂၀၁၃ ခုနှစ် အစီရင်ခံစာအရ ပြင်ပလူနာ ၅ သိန်းကျော်၊ ပထမအဆင့် ARV ဆေးတိုက်ကျွေး ကုသမှုပေးသည့်လူနာပေါင်း ၃၃၂၀၀၊ ငှက်ဖျားရောဂါအတွက် လူနာ ၁၃၆၀၀၊ အဆုပ်နာ တီဘီရောဂါအတွက် လူနာ ၃၃၀၀ တို့ကို ကူညီပေးခဲ့ကြောင်း သိရ သည်။
ရခိုင်ပြည်နယ်တွင်း အကူအညီပေးမှုများကို ၁၉၉၄ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ပြိး ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်း က လူ အုပ်စုချင်း ပဋိပက္ခဖြစ်ပွားမှုများ စတင်ခဲ့ပြီးနောက်ပိုင်း အခက်အခဲများဖြစ်နေခဲ့ရာ ယခုနှစ် ဖေဖော်ဝါရီလက ရပ် ဆိုင်းခဲ့ရသည်။
သို့သော် အစိုးရက လွန်ခဲ့သည့် ဇူလိုင်လ ၂၄ ရက်က MSF ၏ အကူအညီပေးရေး လုပ်ငန်းများကို ပြန်လည် လုပ်ဆောင်ရန် ဖိတ် ခေါ်ခဲ့သည်။ ထိုဖိတ်ခေါ်မှုအား MSF ဟော်လန်မှ အော်ပရေးရှင်း ဒါရိုက်တာ Marcel Langenbach က သတိဖြင့် ကြိုဆိုကြောင်း ပြောဆိုထားသည်။
MSF သည် ရခိုင်ပြည်နယ်အတွင်း အိုအိမ်မဲ့ များအတွက် စခန်း ၂၄ ခုတွင် ကျန်းမာရေး အကူအညီများကို ပေးနေပြီး ၂၀၁၃ ခုနှစ် တနှစ်အတွင်း၌ပင် MSF မှ ဆရာဝန်များနှင့် ကျန်းမာရေးလုပ်သားများက HIV၊ အဆုပ်နာ တီဘီ၊ အာဟာရချို့တဲ့မှု၊ ငှက်ဖျား၊ စိတ်ကျန်းမာရေး စသည်တို့နှင့်ပတ်သက်သည့် လူနာပေါင်း ၄ သိန်းကျော်ကို ကုသပေးခဲ့ကြောင်း MSF ၏ ဇူလိုင် ၂၅ ရက် က ကြေညာချက်တွင် ဖော်ပြထားသည်။

No comments:
Post a Comment