Tuesday, September 9, 2014

ဇော်ဝင်းထွဋ် တေးသီချင်းများ ဂုဏ်ပြု သီဆိုခြင်းနှင့် အင်ပါယာ နှစ် ၃၀ပြည့် Night Of Light တေးဂီတဖျော်ဖြေပွဲ ကျင်းပမည်

မြင့်မြင့်စိုး

အင်ပါယာ တီးဝိုင်း၏ နှစ် ၃၀ ပြည့် ဂီတဖျော်ဖြေပွဲကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် ပြည်သူ့ ရင်ပြင်တွင် ကျင်းပ မည် ဖြစ်သည့် အပြင် ဇော်ဝင်းထွဋ်၏ တေးသီချင်း များကို စိတ်ဝင်စားသည့် လူငယ် တေးဂီတ အဖွဲ့ ၁၈ ဖွဲ့က ယင်းသီချင်း များကို ပြန်လည် သီဆိုဂုဏ်ပြု ကြမည်ဖြစ်ပြီး ယင်းဖျော်ဖြေပွဲကို Night Of Light ဂီတ ဖျော်ဖြေပွဲဟု ပွဲကိုစီစဉ်သူ Nine Planets မှ ဂိုဏ်းချုပ်ကပြောသည်။

" Rock Music က ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အထင်ကရနေရာတစ်ခုမှာ တည်ရှိနေတဲ့ ဂီတ အမျိုး အစား တစ်ခုဖြစ်ပါတယ်။ အခုမျက်မှောက်ခေတ် ဂီတအနုပညာစင်မြင့်ပေါ်မှာလည်း ရော့ခ်သူရဲကောင်းတို့က နှစ် ပေါင်းများစွာ သရဖူဆောင်းနေဆဲဖြစ်ပါတယ်။ ရော့ခ်သမိုင်းအစက မြန်မာနိုင်ငံမှာ ၁၉၈၃ ခုနှစ်ကတည်းက စတင်ခြေကုပ်ယူခဲ့တာပါ။ အဲဒါကြောင့် ကျွန်တော်တို့ Nine Planets အပါအဝင် မျိုးဆက်သစ်ဂီတအဖွဲ့တွေက အင်ပါယာရဲ့ သက်တမ်း ၃၀ ပြည့်ကို ဂုဏ်ယူလေးစားစွာ အလေးပြုရင်း ဒီပွဲလေးကို စီစဉ်လိုက်ရခြင်းဖြစ်ပါတယ်။လက်မှတ်ခတွေတော့ မသတ်မှတ်ရသေးပါဘူး" ဟု ၎င်းကပြောသည်။

ယင်းဖျော်ဖြေပွဲတွင် လူငယ်ဂီတ တီးဝိုင်းများမှ ဇော်ဝင်းထွဋ်၏ အောင်မြင်ကျော်ကြားသည့် တေးသီချင်းများစွာကို ဇော်ဝင်းထွဋ် သီဆိုခဲ့သည့် သံစဉ်စာသား များ အတိုင်း ဂုဏ်ပြုသီဆို ကြမည် ဖြစ်သည်ဟု ၎င်းကပြောသည်။ ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်ကို ဂီတလူငယ်များ သီဆိ ဂုဏ်ပြု ဖျော်ဖြေခြင်းနှင့် ပတ်သတ်ပြီး မဇ္စျိမက စက်တင်ဘာ ၈ရက်က ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ သော်လည်း ဆက်သွယ်မှု မရခဲ့ သလို အဆိုပါဖျော်ဖြေပွဲ ကျင်းပရန် အတွက် စက်တင်ဘာ ၈ရက်က အလံပြ ဘုရားလမ်းရှိ Park Royal Hotel ၏ စာနယ်ဇင်းရှင်းလင်း ပွဲသို့လည်း အဆိုတော် ဇော်ဝင်းထွဋ် က ရောက်လာခြင်း မရှိပေ။

အဆိုပါလူငယ်တေးဂီတဝိုင်း များသည် တေးသီချင်းများသီဆိုပြီး Nine Planets အဖွဲ့သို့ပေးပို့ပြီးယင်းအဖွဲ့မှ လူငယ်တေးဂီသမား များကို ရွေးချယ် ကာဖျော်ဖြေပွဲ၌ပါဝင်သီဆိုစေခြင်းဖြစ်သည်။

ဇော်ဝင်းထွဋ် တေးသီချင်း များကိုပြန်လည်သီဆို ဂုဏ်ပြုကြမည့် လူငယ် တေးဂီတ သမားများ၏ သီချင်းများကို၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၄ ရက်တွင် အယ်ဘမ်အဖြစ် ဖျော်ဖြေပွဲ မတိုင်ခင်ထုတ်လုပ် ဖြန့်ချိသွားမည် ဖြစ်သည်ဟု စီစဉ်သူ ဂိုဏ်းချုပ်က ပြောသည်။ ယင်းဖျော်ဖြေပွဲတွင် Dr.Guiter၊ Runaway Bride၊ Autumn၊ Room So2၊ No U Turn၊ Vaiolenz၊ Illegal၊ Deficiency၊ Soul Seven၊ Death Agent စသည့် အဖွဲ့များပါဝင် သီဆို ကြမည် ဖြစ်သည်။

No comments: