နန်းလွင်နှင်းပွင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများမှ ရှေ့နိုင်ငံရေးလုပ်ငန်းများ ပူးတွဲလုပ်ကိုင်သွားနိုင်ရန် လုပ်ငန်းအဖွဲ့တစ်ခုအား ဖွဲ့စည်းရန် စက်တင်ဘာ ၆ရက်က တွေ့ဆုံအပြီး သဘောတူညီလိုက်ကြသည်ဟု NLD မှ ဗဟိုအလုပ်မှုဆောင် ဦးထွန်းထွန်းဟိန်က မဇ္ဈိမကိုပြောသည်။
ထိုဘုံသဘောတူညီချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၎င်း၏ မဟာမိတ်တိုင်းရင်းသားပါတီများ၏ လစဉ် ပထမပတ်၊ စနေနေ့တွင် တွေ့ဆုံနေကြ အစည်းအဝေး၌ သဘောတူညီခဲ့ခြင်း ဖြစ်သည်။
ဦးထွန်းထွန်းဟိန်က “ အလုပ်အဖွဲ့ ဖွဲ့တဲ့ အဓိကရည်ရွယ်ချက်ကတော့ တိုင်းရင်းသားတွေနဲ့ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံနိုင်ဖို့ပါ" ဟု ဆိုသည်။နိုင်ငံရေး အလုပ်ကိစ္စများ လုပ်ဆောင်ရာတွင်လည်း အပြန်အလှန် နီးကပ်စွာ အကြံပေးနိုင်ရန် ဖြစ်သည်ဟု ဦးထွန်းထွန်းဟိန်က ပြောသည်။အဖွဲ့တွင် ပါဝင်မည့် အလုပ်အဖွဲ့ဝင်များနှင့် ပတ်သတ်၍ ဆုံးဖြတ်ခဲ့ခြင်း မရှိဘဲ လာမည့် အောက်တိုဘာလ၊ ပထမပတ်၊ စနေနေ့တွင် ပြုလုပ်မည့် အစည်းအဝေး၌ ထပ်မံဆွေးနွေးသွားမည်ဟု ဆုံးဖြတ် ခဲ့ကြသည်။
လစဉ် အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နာယက ဦးတင်ဦး နှင့် NLD နှင့် မဟာမိတ် တိုင်းရင်းသားပါတီများ ဖြစ်သည့် ကမန်အမျိုးသားတိုးတတ်ရေးပါတီ၊ ကမန်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ကရင်ပြည်သူ့ပါတီ၊ ချင်းတိုးတတ်ရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ တအောင်း-ပလောင် အမျိုးသားပါတီ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ မွန်အမျိုးသားပါတီ ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်-ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ‘ဝ’ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီတို့ တတ်ရောက်ခဲ့သည်။
စက်တင်ဘာလ ၅ ရက်ကလည်း “မြန်မာနိုင်ငံ အသွင်ကူပြောင်းရေးကာလ၏ စိန်ခေါ်မူများ” ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ မီကာဆာ ဟိုတယ်တွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံရေးပါတီခေါင်းဆောင်၊ တိုင်းရင်းသား ပါတီခေါင်းဆောင် အချို့အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ပြီး NLD အနေဖြင့် တိုင်းရင်းသားများနှင့် ပူးပေါင်း၍ ရှေ့ဆက် မဟာဗျူဟာလုပ်ငန်းများ ပူးပေါင်း လုပ်ကိုင်မည်ဟု ပြောဆိုခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများက လွှတ်တော်တွင်း နှင့် လွှတ်တော်ပြင်ပတွင် အစိုးရအဖွဲ့အစည်းများနှင့် ဆွေးနွေးမည်ဖြစ်သည်ဟု တိုင်းရင်းသားခေါင်းဆောင်များက ဆိုသည်။
No comments:
Post a Comment