ရွှေရည်ဝင်းထက်
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်မရှိဘဲ မဲဆန္ဒရှင်စာရင်းကို ဖြုတ်၍ ယူဆောင်သွားသောကြောင့် အမှုဖွင့်လှစ်ခြင်းခံရသည့် NLD ပါတီမှ ဦးမျိုးရန်နောင်သိန်းအား စက်တင်ဘာ၂၃ ရက်က ချင်းပြည်နယ် တီးတိန်မြို့နယ် တရားရုံးက ငွေဒဏ် တစ်သိန်း (သို့မဟုတ်) ထောင်ဒဏ် သုံးလချမှတ်ခဲ့သည်ဟု ဦးမျိုးရန်နောင်သိန်းက မဇ္ဈိမကို ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်ကလည်း တရားဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ တရားစွဲဆိုမှုသည် ချင်းပြည်နယ် တီးတိန်မြို့ နယ် တရားရုံးက တရားစွဲဆိုလိုခြင်း မရှိဘဲ ပြည်ထောင်စုအဆင့်က ညွှန်ကြားချက်ကြောင့်သာ တရားစွဲဆိုခြင်း ဖြစ်သည်ဟု ဦးမျိုးရန်နောင်သိန်းက မဇ္ဈိမကို ပြောထားသည်။
ချင်းပြည်နယ် တီးတိန်မြို့နယ် လွယ်ဘွားလ်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲဆန္ဒရှင်စာရင်းကို ကပ်ထားခဲ့ရာ ဇူလိုင် ၂၂ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဦးမျိုးရန်နောင်သိန်းက ကော်မရှင်၏ ခွင့်ပြုမိန့်မရဘဲ မိမိသဘောဖြင့်ဖြုတ်၍ ယူဆောင်သွားခဲ့ခြင်းကြောင့် လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေပုဒ်မ ၅၉(က)အရ အမှုဖွင့်လှစ်ခဲ့သည်ဟု ဇူလိုင် ၃၀ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာ၌ ဖော်ပြပါရှိသည်။
No comments:
Post a Comment