Saturday, September 6, 2014

Samsung က Galaxy Note 4 အပါအဝင် အဆင့်မြင့် နည်းပညာပစ္စည်းများ ထုတ်ဖော်ပြသ

CNET

ဘာလင်မြို့တွင် စက်တင်ဘာ ၅ ရက်မှ ၁၀ ရက်ထိကျင်းပမည့် IFA နည်းပညာကုန်စည်ပြပွဲမတိုင်ခင် စက်တင်ဘာ ၃ ရက်တွင် Samsung က Galaxy Note 4 အပါအဝင် Galaxy Note Edge နှင့် ယခင်တစ်ပတ်က ကြေညာခဲ့သည့် Gear S၊ Gear Circle စသော ဝတ်ဆင်နိုင်သည့် နည်းပညာ ပစ္စည်းများအပြင် Facebook ၏ Oculus နှင့် ပူးပေါင်းထုတ်လုပ်ထားသည့် Gear VR headset ကိုလည်း ထုတ်ဖော်ပြသခဲ့သည်ဟု CNET သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Samsung က အသစ်ထပ်မံထုတ်လုပ်ခဲ့သည့် နည်းပညာပစ္စည်းများထဲတွင် Galaxy Note 4 နှင့် Galaxy Note Edge တို့က ပရိသတ်ကို အထူးစွဲဆောင်နိုင်ခဲ့သည်။ အသစ်ထုတ်လုပ်ခဲ့သည့် Note 4 သည် AMOLED ဖြင့် မျက်နှာပြင် ၅ ဒသမ ၇ လက်မရှိပြီး ကုမ္ပဏီသမိုင်းတွင် ပထမဆုံး 1440 p အရည်အသွေးရှိ မျက်နှာပြင် ပုံရိပ်သိပ်သည်းမှုရှိသော ဖာဘလတ် အမျိုးအစားလည်းဖြစ်သည်။

Note 4 တွင် 2.7 GHz quad-core Snapdragon 805 chipset ကို အသုံးပြုထားသည်။ မျက်နှာပြင် resolution သည် 2K ဟုဆိုရမည့် 2560 x 1440 ရှိမည်ဖြစ်ပြီး ၎င်းသည် သာမန် HD မျက်နှာပြင်များထက်
လေးဆ သာလွန်ကောင်းမွန်ခြင်းဖြစ်သည်။ ထို့နောက် ဖုန်းရှိ S Pen ၏ လုပ်ဆောင်နိုင်မှုများကိုလည်း ပြောင်းလဲခဲ့ပြီး Note 4 တွင် ပါဝင်သော S Pen သည် Mouse တစ်လုံးကဲ့သို့ အသုံးပြုနိုင်မည်ဖြစ်ပြီး ဖိုင်များကို copy၊ pasete လုပ်နိုင်မည့်အပြင် drag-and-drop လည်း ပြုလုပ်နိုင်မည် ဖြစ်သည်။

Samsung က Note 4 ၏ ဒီဇိုင်းအား ပလတ်စတစ် ကျောဘက်ဖြင့်သာရှေ့ဆက်သွားခဲ့သည်။ ထို့နောက် ကင်မရာပိုင်းတွင်လည်း နောက်ကင်မရာကို 16 megapixel သာထားရှိခဲ့သော်လည်း ရှေ့ကင်မရာအား 3.7 megapixel ထည့်သွင်းထားသည်။

Note 4 ၏ ဈေးနှုန်းသည် ဒေါ်လာ ၆၀၀ ကျသင့်မည်ဖြစ်ပြီး စက်တင်ဘာလနှောင်းပိုင်းတွင် စတင်ရောင်းချသွားမည်ဟု Samsungက ကြေညာခဲ့သည်။

Samsung က Galaxy Note 4 အပြင် ထူးခြားသော ဒီဇိုင်းအသွင်အပြင်ရှိသည့် Galaxy Note Edge ကိုပါ ပူးတွဲကြေညာခဲ့သည်။ Note Edge သည် မျက်နှာပြင် ၅ ဒသမ ၆ လက်မရှိပြီး ညာဘက် ထောင့်စွန်းအား ကွးကောက်သောဒီဇိုင်းဖြင့် ပုံဖော်ထားသည်။ Note Edge သည် Note 4 နှင့် ပါဝင်သော ပစ္စည်းအားလုံး တူညီသော်လည်း ဘက်ထရီပိုင်းတွင် အနည်းငယ် လျော့နည်းသည်။ ဘေးဘက်၌ ကွေးကောက်ထားသော မျက်နှာပြင်ဒီဇိုင်းတွင် အသုံးပြုသူများက ၎င်းတို့၏ လူမှုကွန်ယက်များမှ notification များ၊ application များကို ကြည့်ရှုသွားနိုင်မည်ဖြစ်သည်။

"ကျွန်တော်တို့ စွန့်စားမှုတွေ လုပ်ခဲ့ရတယ်"ဟု Note Edge နှင့် ပတ်သက်ပြီး အမေရိကန်ရှိ Samsung ဆက်သွယ်ရေး ထုတ်ကုန်နှင့် မဟာဗျူဟာ ဒုတိယ ဥက္ကဋ္ဌ ဂျပ်စတင် ဒန်နီစင်က ပြောကြားခဲ့သည်။

Samsung က Galaxy Edge ၏ ဈေးနှုန်းကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပဲ ၂၀၁၄ ခုနစ် နှစ်ကုန်ပိုင်းတွင်သာ ထုတ်လုပ်မည်ဟု ပြောကြားခဲ့သည်။

No comments: