ထွန်းကိုကို
မိုဘိုင်းဖုန်း SMSဖြင့် အရက်ကြောင့် ဖြစ်သည့် အသည်းရောဂါ ကာကွယ်ရေးအတွက် အမျိုးသမီးများထု၏ လှုပ်ရှားမှုအစီအစဉ်ကို စက်တင်ဘာ ၂ရက်မှ အောက်တိုဘာ ၃၁ရက် အထိ နှစ်လကြာ လူထုလှုပ်ရှားမှုအဖြစ် Mega Myanmar ကုမ္ပဏီမှ ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ လှုပ်ရှားမှုတွင် အမျိုးသမီးများက မိမိတို့နှင့် ရင်းနှီးကျွမ်းဝင်သူ အမျိုးသားများနှင့် ပတ်သက်၍ အရက်ကြောင့်ဖြစ်သည့် အသည်းရောဂါကို မည်သို့ ကာကွယ်ပေးနေသည် ဆိုသည်ကို မိုဘိုင်းဖုန်း မှတဆင့် ၁၈၈၇၇သို့ စာလုံးရေ ၃၅လုံး ထက်မပိုသော SMSပေးပို့ခြင်းဖြင့် အရက်ကြောင့် ဖြစ်သော အသည်းရောဂါဝေဒနာရှင်များကို ကူညီမှုပြုနိုင်မည့် အစီအစဉ်ဖြစ်သည်။
ထိုအစီအစဉ်များနှင့် ပတ်သက်ပြီး စက်တင်ဘာ ၂ရက်က ဆူးလေရှန်ဂရီလာဟိုတယ်တွင် အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အမျိုးသမီးများက မိမိတို့ ကျွမ်းဝင်ရင်းနှီးသည့် ဖခင်၊ အစ်ကို၊ မောင်၊ သူငယ်ချင်း၊ ချစ်သူ၊ အမျိုးသားများနှင့် ပတ်သက်၍ အရက်ကြောင့်ဖြစ်သည့် အသည်းရောဂါမှ ကာကွယ်စောင့်ရှောက်မှုကို မျှဝေစေမည်ဖြစ်သည်ဟုလည်း Mega Myanmar၏ Brand Business Director က ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အစီအစဉ်တွင် SMSပေးပို့ပါဝင်သည့် အမျိုးသမီးများထဲမှ ၅၀ဦးကို ကံထူးရှင်အဖြစ် ရွေးချယ်မည်ဖြစ်ပြီး ကျပ်နှစ်သောင်းတန် ငွေဖြည့်ကတ် ချီးမြှင့်ပေးမည်ဖြစ်သည်။ ရရှိသည့် SMS တစ်စောင်ကို ကျပ်တစ်ထောင်နှုန်းသတ်မှတ်ပြီး ရန်ကုန်မြို့ရှိ ခုတင် ၅၀၀ အထူးကုဆေးရုံသစ်ကြီးမှ အသည်းရောဂါဌာနနှင့် မန္တလေးမြို့ရှိ စိတ်ကျန်းမာရေးဆေးရုံတို့တွင် အများဆုံး ကျပ်၁၀သန်းအထိ လှူဒါန်းသွားမည်ဖြစ်သည်။
ကံထူးရှင်များကို နိုဝင်ဘာ ၁၉ရက်တွင် ကျရောက်သည့် နိုင်ငံတကာအမျိုးသားနေ့မှစပြီး ကြေညာပေးမည်ဖြစ်ပြီး ဆုကြေးငွေ ဖုန်းငွေဖြည့်ကတ် ကျပ်နှစ်သောင်းကိုလည်း ထိုနေ့တွင် ဖုန်းများသို့ ဖြည့်ပေးသွားမည်ဖြစ်သည်။
အဆိုပါ အစီအစဉ်ကို Mega Myanmar ကုမ္ပဏီမှ ဖြန့်ချိသည့် Livolin Forte အသည်းအားဆေးမှ ပြုလုပ်ခြင်းဖြစ်သည်။
No comments:
Post a Comment