မောင်အေးနှင့် မာန်ယုကျော်
ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံတွင် တရားစွဲဆိုခံနေရသည့် မြန်မာနိုင်ငံသားနှစ်ဦး အား မြန်မာအစိုးရနှင့် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတို့က နီးနီးကပ်ကပ်စောင့်ကြည့်ကာ လိုအပ်သည့် ကာကွယ် စောင့်ရှောက်မှုများပြုလုပ်ပေးရန် ရခိုင်အမျိုးသားပါတီက ကြေညာချက်ထုတ်၍ တိုက်တွန်း လိုက်သည်။
အဆိုပါကြေညာချက်ကို အောက်တိုဘာလ ၁၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာလ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ၊ လိပ်ကျွန်း (ကော့တောင်းကျွန်း) ကျွန်းတွင် ဗြိတိန်စုံတွဲ အသတ်ခံရမှုဖြင့် စွပ်စွဲကာ ထိုင်းနိုင်ငံ၊ ကော့စမွီထောင်တွင် အဖမ်းခံထားရသော မြန်မာနိုင်ငံသား နှစ်ဦး အရေးနှင့်ပတ်သတ်ပြီး မြန်မာ အစိုးရနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတို့က ဆောင်ရွက်နေကြခြင်းအပေါ် ရခိုင်အမျိုးသား ပါတီက စဉ်ဆက် မပြတ် စောင့်ကြည့်၍ မိမိတို့ပါဝင်ဆောင်ရွက်နိုင်သည့်အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက် သွားမည်ဖြစ်သည်ဟု ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။
ဗြိတိန်စုံတွဲအသတ်ခံခဲ့ရသည့် ထိုင်းနိုင်ငံ ကော့တောင်းကျွန်းသည် ထိုင်းလူဆိုးဂိုဏ်းများ ကျက်စားသည့် နေရာဖြစ်ခြင်း၊ ထိုင်းရဲတပ်ဖွဲ့နှင့် စကားပြန်တို့၏ ထိုးကြိတ်ရိုက်နှက်စစ်ဆေးမှုကြောင့် ပြစ်မူ ကျူးလွန်ခြင်း မရှိပါဘဲလျက် ကျူးလွန် သည်ဟု ထွက်ဆိုရခြင်းဖြစ်ကြောင်း အကျဉ်းခံနှစ်ဦး၏ ပြောကြားချက်၊ သက်သေခံ ဖုန်းမှာ ထိုင်းရဲများ စွပ်စွဲသကဲ့သို့  သံသယတရာခံများ၏ အခန်းအနီးတွင် တွေ့ ရှိသည်မှာ ဖြစ်နိုင်ခြေမရှိဟု ပေါ်ပေါက်လာခြင်း၊ ဒီအန်အေ စစ်ဆေးချက်များကို မှုခင်း ဆရာဝန်ကြီးက လက်ခံမှုမရှိခြင်း၊ ထိုင်းဥပဒေအရာရှိ ကိုယ်တိုင်က ထိုင်းရဲများ၏ တရားစွဲဆိုရန် တင်ပြမူကို ခိုင်လုံခြင်း မရှိဟု ယူဆခြင်း အစရှိသည့် လစ်ဟာမှုများကို တွေ့မြင်နေရသည့်အတွက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားနှစ်ဦးမှာ အပြစ်မရှိဘဲလျက် ဓါးစာခံအဖြစ် ထိုးကျွေး ခံရခြင်း ဖြစ်မည်ကို များစွာစိုးရိမ်လျက်ရှိကြောင်း ရခိုင်အမျိုးသားပါတီ၏ ကြေညာချက်တွင်ဖော်ပြသည်။
ယင်းနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးဖိုးမင်းက “အခု အခင်းဖြစ်ပွားခဲ့တဲ့ နေရာက တရားဥပဒေ စိုးမိုးမှုမရှိတဲ့နေရာဖြစ်တယ်။ အရင်လည်း အဲဒီနေရာမှာ ဒီလိုဖြစ်စဉ်တွေ ပေါ်ပေါက်ဖူးတယ်။ ဒါကြောင့် အခု တရားစွဲဆို ခံထားရတဲ့ သူနှစ်ယောက်က ဓားစာခံ အဖြစ် ခံနေကြရတာဖြစ်တယ်။ ဒါကို အမှုမှန်ပေါ်ပေါက်ဖို့အတွက် ကျွန်တော်တို့ ပါတီကလည်း အတတ် နိုင်ဆုံးကြိုးစားပေးမယ်။ နောက်ပြီး ထိုင်းမှာရှိကြတဲ့ ရခိုင်အဖွဲ့အစည်းတွေနဲ့လည်း လက်တွဲ ဆောင်ရွက်သွားမယ်”ဟု နိရဉ္စရာသတင်းဌာနသို့ပြောသည်။
ဖမ်းဆီးခံနေရသည့် ရခိုင် လူငယ် နှစ်ဦးအမှုမှာ ဥပဒေနှင့်အညီသာ ဖြစ်သင့်သည်ဟု ရှေ့နေမကြီး တစ်ဦးလည်းဖြစ် ရခိုင်အမျိုး သား ပါတီ (ANP) ဒုဥက္ကဌ တစ်ဦးဖြစ်သူ ဆရာမ ဒေါ်အေးနုစိန်က ပြောသည်။
“ စွပ်စွဲ ဖမ်းဆီးတယ်ဆိုတာကတော့ ဥပဒေနဲ့အညီ အချက်အလက် အထောက်အထားတွေကို စီစစ်ဖို့ လိုတယ်။ သံသယနဲ့ ဖမ်းဆီးတာက ဖမ်းဆီးတာတစ်ပိုင်း၊ ကိုယ်က ရှေ့နေဆိုတော့ ဒီအတိုင်ပဲပြောရမယ်။ သံသယနဲ့ ဖမ်းဆီး ခံရတာဆိုတော့ အဲဒီလူဟာ တရားခံဖြစ်နိုင် မဖြစ်နိုင် ဆိုတာကို အဲဒီနိုင်ငံရဲ့ တည်ဆဲ ဥပဒေ၊ လုပ်ထုံး လုပ်နည်း တွေနဲ့အညီ အထောက်အထားတွေ ရှိမရှိ ဆိုတာကို သေသေချာချာစစ်ဆေး ရမယ်။ မဟုတ်ရင် နိုင်ငံခြားသားရွှေ့ပြောင်း အလုပ်သမားဆိုပြီး တရားခံအစစ်ကို ဖုံးကွယ်ဖို့ ထိုးကျွေး တဲ့မျိုး မဖြစ်ရအောင် အားလုံးမှာတာဝန်ရှိပါတယ်။ ဟု ဒေါ်အေးနုစိန်က ပြောသည်။
ယခုဖမ်းဆီးခံထားရသည့် သံသယတရားခံ မြန်မာနိုင်ငံသားနှစ်ဦးမှာ ရွှေ့ပြောင်းလုပ်သားများ ဖြစ်နေ သည့်အတွက် ဓါးစာခံများအဖြစ် မတရားထိုးကျွေးခံရခြင်း မဖြစ်ရလေအောင် တည့်မတ်သော တရား ဥပဒေ၏ အရိပ်အောက်တွင် ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိစေအောင် မြန်မာအစိုးရနှင့် သက်ဆိုင်ရာ မြန်မာသံရုံးတို့တွင် တာဝန်ရှိကြောင်း ရခိုင်အမျိုးသားပါတီက ထောက်ပြထားသည်။
ထိုမြန်မာနိုင်ငံသားနှစ်ဦးမှာ ရခိုင်အမျိုးသားများဖြစ်နေသည့်အတွက် ရခိုင်အမျိုးသား ပါတီက တဖက် သတ်ဘက်လိုက်ကာ အဆောတလျင်ပြောဆိုနေသည့် သဘောမဖြစ်ရလေအောင် ရခိုင်အမျိုးသား ပါတီအနေ ဖြင့် အခြေအနေကို သေချာ စေ့စပ်စွာ လေ့လာစောင့်ကြည့်လျက်ရှိကြောင်း ဆိုသည်။
ရခိုင်အမျိုးသားပါတီအနေဖြင့် ထိုပုဂ္ဂိုလ်နှစ်ဦးအရေးတွင် ပါဝင်ကူညီနိုင်ရန်အတွက် အခြားသော ပြည် တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ရခိုင်အမျိုးသားပါတီက ဆက်သွယ် လက်တွဲ ဆောင်ရွက် သွားမည် ဖြစ်ပြီး လက်ရှိအချိန်အထိ ထိုစွပ်စွဲခံရသူနှစ်ဦးအရေးတွင် ပါဝင်ကူညီ ဆောင်ရွက် ပေးနေကြသည့် မြန်မာအစိုးရနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ လူမှုအသင်းအဖွဲ့ များအား ရခိုင်အမျိုးသားပါတီက ကျေးဇူးတင်ရှိကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်းကျွန်းလူသတ်မှုနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံမှာ ဖမ်းဆီးထားသည့် မြန်မာ နိုင်ငံသား ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ ၂ ဦးကို ယင်းတို့၏မိသားစုဝင်များက ထိုင်းနိုင်ငံသို့ သွားရောက်တွေ့ဆုံရန် ပြင်ဆင်နေပြီဖြစ်ကြောင်းလည်း သိရသည်။
ကိုဝင်းဇော်ထွန်းရဲ့ဖခင် ဦးထွန်းထွန်းထိုက်က “ကျနော့်သားရဲ့ အကျင့်စရိုက်ကို ငယ်ငယ်လေး ကတည်းက ကျနော်သိတာပေါ့၊ ဒီနေ့ ကမ္ဘာအရပ်ရပ် က ဝေဖန်သုံးသပ်နေတာတွေ တွေ့မြင် နေရတာတွေ မဖြစ်နိုင်ဘူးလို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကျနော်တို့ အမှန်ဆုံးနည်းလမ်းနဲ့ မြန်မြန်ဆန်ဆန်လေး အမှုမှန်ပေါ်ပေါက်အောင်လို့ ကျနော့်သား အခုမဟုတ်ပဲနဲ့ ခံနေရတာ၊ တရားခံအစစ်အမှန်ကို ရှာဖွေပေးပါလို့ ကျနော်တောင်းဆိုချင်ပါတယ်”ဟု မြန်မာ သတင်းဌာနသို့ ပြောကြားထားသည်။
ယခုတရားစွဲဆိုခံထားရသည့် မြန်မာနိုင်ငံသားလူငယ်နှစ်ဦးကိစ္စကို မကြာခင်ရက်ပိုင်းအတွင်း မြန်မာ အစိုးရတာဝန်ရှိသူများအပါအဝင် ထိုင်းနှင့် ဗြိတိန်နိုင်ငံက တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေး ရန်ရှိကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက မီဒီယာများသို့ ထုတ်ဖော် ပြောကြား ထားသည်။

No comments:
Post a Comment