နေဇော်
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တစည ပါတီရုံးတွင် သတင်းစာရှင်းလင်းပွဲ တစ်ခုကို အောက်တိုဘာလ ၁၃ ရက်နေ့ ပြုလုပ်ခဲ့သည်။
သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရသည်မှာ ဆန္ဒပြလှည့်လည်သူများအား တောင်ကုတ်မြို့နယ် ကင်းတောင် အုပ်ချုပ်ရေးမှူးမှ ပုဒ်မ (၅၀၀) ဖြင့် အမူဖွင့် တရားစွဲဆိုထား၍ ဖြစ်ကြောင်း သိသည်။
ယင်းသတင်းစာရှင်းလင်းပွဲသို့ နံနက် ၈ နာရီမှ စတင် ပြုလုပ်ခဲ့ပြီး ကင်းတောင်ကျေးရွာမှ ဆန္ဒထုတ်ဖော်ခဲ့ကြသူများ၊ ရပ်မိ ရပ်ဖများ၊ တောင်ကုတ်မြို့နယ် လူထုအကျိုးဆောင် ကော်မီတီဝင်များ၊ အထူးဖိတ်ကြားထားသူများ အပါအ၀င် နိရဉ္စရာ သတင်းဌာန၊ မှုခင်း၊ ရှုထောင့်၊ Yoma Wave နှင့် အလွတ်သတင်းထောက် စုစုပေါင်း ၂၅ ဦးတက်ရောက်ခဲ့သည်။
ဆန္ဒပြခေါင်းဆောင် ဦးစောနိုင်မှ ဆန္ဒဖေါ်ထုတ်သဖြင့် တရားစွဲဆို ခံနေရကြောင်းကို သတင်းစာရှင်းလင်းပွဲတွင် ယခုလို ပြောကြားသည်။
“ ကျွန်တော်တို့ရွာ စားကျက်မြေမှာ အုပ်ချုပ်ရေးမှူး ကိုယ်ကျိုးအတွက် ရောင်းစားခဲ့တယ်။ ရွာဘုန်းကြီးပျံပွဲမှာလည်း စာရင်းမရှင်းခဲ့ဘူး။ ကျေးရွာပိုင် ထင်းစိုက်ဧက ၅ ဧကကိုလည်း ရောင်းစား ခဲ့တယ်။ ဒါတွေကြောင်း ငြိမ်းချမ်းစွာ စီတန်းပြီး ဒီနှစ်ဇွန်လ ၂၆ ရက် နေ့က တောင်ကုတ်မြို့မှာ ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ဒါကို ကင်းတောင် အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး ပုဒ်မ ၅၀၀ နဲ့တရားစွဲဆိုခဲ့ပါတယ်။ အခု ရုံးချိန်း ၅ ကြိမ်ရှိပါပြီ။ လိုပြသက်သေတွေကို စစ်ဆေးတဲ့ အဆင့်ပဲ ရှိပါသေးတယ်” ဟု ပြောသည်။
ရပ်မိ၊ရပ်ဖ တစ်ဦးဖြစ်သူ ဦးဝင်းဌေးကလည်း သတင်းစာရှင်းလင်းပွဲတွင် ယခုလို စွပ်စွဲ ပြောဆိုသည်။
“ အုပ်ချုပ်ရေးမှူး ရိုးသားမှုမရှိဘူး။ သမ ချေးငွေကိစ္စမှာ အစည်းအဝေး နှစ်ကြိမ် အသံချဲ့စက်ငှားခ ဆိုပြီး ငွေ ၁၀၀၀၀ စာရင်းတင်ထားတယ်။ ကျွန်တော်တို့ ဘယ်အစည်းအဝေးမှာမှ အသံချဲ့စက်ငှားပြီး မသုံးခဲ့ဘူး။ နောက်ပြီးစာသင်ကျောင်း တိုင်အောက်ခြေကို အုတ်ခုံအစားထိုးတဲ့ ကိစ္စမှာလည်း ငွေစာရင်း မရှင်းဘူး” ဟု ပြောကြားခဲ့သည်။
ကျောင်းအကျိုးဆောင်ကော်မီတီ ဥက္ကဌဖြစ်သူ ဦးဘဝေမှလည်း “ အုပ်ချုပ်ရေးမှူး အဟောင်းတုန်းက မကြေနပ်ဘူးဆိုပြီး လူ ၁၅ ဦးလက်မှတ်ထိုးတာနဲ့ ချက်ချင်းဖြုတ်ပစ်တယ်။ အခုအုပ်ချုပ်ရေးမှူးကို မကြေနပ်လို့ လူ ၅၀ လက်မှတ်ထိုးတိုင်တယ်။ ဆန္ဒဖော်ထုတ်ပွဲလုပ်တယ်။ ဘာမှအရေးယူ ဆောင်ရွက်မှု မလုပ်ဘူး” ဟု ပြောကြားသည်။
အထက်တန်းရှေ့နေ ဦးရာဇာထွန်းမှလည်း “ တရားလို တရားခံတွေရဲ့ ထွက်ဆိုချက်တွေအပေါ် မူတည်ပြီးမှသာ ပြစ်မှုမြောက် မမြောက်ဆုံးဖြတ်နိုင်မှာပါ။ အခုပုဒ်မ (၅၀၀) နဲ့ တရားစွဲတာလည်း အာဏာနဲ့ လုပ်ဆောင်ချက်သာ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာဖြစ်တဲ့အတွက် အမှုမှာ အားသာချက် အများကြီးရနိုင်ပါတယ်” ဟုပြောကြားသည်။
အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး တောင်ကုတ်မြို့နယ် အကျိုးဆောင်ကော်မီတီဝင် တစ်ဦးဖြစ်သူ ဦးစန်းငွေ မှ “ ကျွန်တော်တို့ အခုသတင်းစာရှင်းလင်းပွဲကို မှတ်တမ်းလုပ်ထားပါတယ်။ ပြီးရင် လူကြီးပိုင်းတွေကို တင်ပြသွားပါမယ်” ဟု ပြောဆိုသည်။
တစညပါတီ မြို့နယ် အတွင်းရေးမှူး ဦးခင်မောင်ဝင်းနှင့် NLD ပါတီ မြို့နယ် ဥက္ကဌ ဦးတင်ငွေသိန်းအောင်တို့မှ “ ကျွန်တော်တို့ပါတီက အမြဲလူထုဘက်က ရပ်တယ်။ တောင်သူ လယ်သမား အလုပ်သမားကိစ္စတွေကို ဖြေရှင်းပေးတယ်။ အမြဲမှန်တဲ့ဘက်က၊ အားနည်းတဲ့ဘက်က ရပ်တည်ဆောင်ရွက်ပေးသွားပါမယ်” ဟုပြောကြားခဲ့သည်။
ကင်းတောင်အုပ်ချုပ်ရေးမှူးနှင့် အဆက်အသွယ် မရရှိသဖြင့် သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်ပြီး သူ၏ သဘောထားအား မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။
ယခုတောင်ကုတ် တစည ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမ အကြိမ် သတင်းစာရှင်းလင်းပွဲကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ဦးချစ်မြမှ ဦးဆောင်ပြီး ခရိုနီများ နိုင်ငံရေးအတွင်း ပါဝင်ခြေရှုတ်လာမှုနှင့်ပတ်သတ်၍ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment