ဂျွန်ချစ်ငြိမ်း
တိုးတက်လာသည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ ပြည်တွင်းလုံခြုံရေးကို အန္တရာယ်ပြုနိုင်သည့် စိန်ခေါ်မှုများ ကြုံတွေ့နေရသည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်က အောက်တိုဘာ ၁ ရက်တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော နှစ် ၅၀ ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရွှေရတု အခမ်းအနား၏ အဖွင့်မိန့်ခွန်းတွင် ပြောကြားလိုက်သည်။
ဧရိယာ စတုရန်းမိုင် ခြောက်သောင်းကျော် ကျယ်ဝန်းပြီး တရုတ်၊ ထိုင်း၊ လာအိုနိုင်ငံတို့နှင့် နယ်နမိတ်ထိစပ် နေသည့် ရှမ်းပြည်နယ်၏ ဝန်ကြီးချုပ်က ယင်းသို့ သတိပေးလိုက်ခြင်းဖြစ်သည်။
“အကြမ်းဖက် အဖွဲ့အစည်း တစ်ချို့ရဲ့ ခြိမ်းခြောက်မှု အန္တရာယ်၊ နယ်စပ်ဖြတ်ကျော်မှုခင်း၊Cyber Crime ဆိုက်ဘာ မှုခင်းများနဲ့ အဆင့်မြင့်ဖောက်ဖျက် ကျူးလွန်မှုများပဲဖြစ်ပါတယ် ” ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ်က
ပြောသည်။
ယင်းတို့ကို ဖြေရှင်းနိုင်ရန် မြန်မာ့ရဲတပ်ဖွဲ့ စွမ်းရည်ပြည့်ရန်လိုသည်ဟုလည်း ဦးစ၀်အောင်မြတ်က တိုက်တွန်းသည်။
“နယ်မြေလုံခြုံရေးကို အခြားပူးပေါင်းအဖွဲ့တွေနဲ့ဆောင်ရွက်သွားမှာပါ ” ဟု ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သိန်းက မဇ္ဈိမကိုပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်း၏ သဝဏ်လွှာတွင် ခေတ်မီနည်းပညာပစ္စည်းများ အသုံးပြု၍ မြန်မာ့လုံခြုံရေးကို လစ်ဟာမှုမရှိရန် ကြိုးပမ်းဆောင်ရွက်နေသည်ဟု ပါဝင်သည်။
အယ်လ်ခိုင်ဒါ ခေါင်းဆောင် အေမန်အယ်လ်ဇ၀ါဟရီက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့ကို တိုက်ခိုင်သွားမည်ဟု စက်တင်ဘာ ၃ ရက်တွင် ကြေညာထားသည့် အခြေအနေတွင်လည်း ရှိသည်။
No comments:
Post a Comment