Saturday, October 18, 2014

နဝဒေးတိုးချဲ့ စက်မှုဇုန် မြေနေရာဈေး ကစားသူအဝယ်များနေ

ရေခဲ (ပြည်)

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့တွင် တည်ထောင်ထားသည့် နဝဒေးတိုးချဲ့ စက်မှုဇုန်အတွင်း မြေနေရာဝယ် ယူထားသူ ထက်ဝက်ခန့်မှာ လုပ်ငန်းတည်ထောင် ခြင်းမရှိဘဲ မြေဈေးကစားသူများဖြစ် နေသည်ဟု စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်ဌေးက အောက်တိုဘာ ၁၆ ရက်တွင် ပြောသည်။

“ဝယ်တဲ့လူကလညဘ်း စာရွက်ပေါ်မှာရှိတဲ့ မြေပုံထဲကဟာနဲ့ ဝယ်သွားပြီး မြေကွက်ဈေးတွေ ကစားကြတယ်။ အကွက်လွတ်တွေများပြီး ဇုန်က မအောင်မြင်တော့ဘူး” ဟု ၎င်းက ပြောသည်။

ရောင်းချပြီးဖြစ်သည့် ပေတစ်ရာပတ်လည် မြေကွက် ၅၀ တွင် ၂၄ ကွက်၌သာ လုပ်ငန်း လုပ်ကိုင်နေကြသည်ဟု ဇုန်စီမံခန့်ခွဲမှုကော်မတီ စာရင်းများက ဆိုသည်။

စက်မှုဇုန်ကို ၂၀၁၀ ပြည့်နှစ်မှ စတင်တည်ထောင်ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်အထိ မြေကွက်ပေါင်း ၃၂၄ ကွက် ဖော်ထုတ်ပေးထားသည်ဟု ကော်မတီ စာရင်းများတွင် ဖော်ပြထားသည်။ ကော်မတီက မြေတစ် ကွက်လျှင် ကျပ်သိန်း ၄၀မှ ၅၀ ကြား နှုန်းထားသတ် မှတ်ရောင်းပေးခြင်းဖြစ်သည်။

သို့သော် မြေကွက်ဝယ်သူ အများစုက စက်မှုလုပ်ငန်း မလုပ်ကိုင်ဘဲ မြေဈေးကစားမှုပြုလုပ်ကြ၍ လက်ရှိအချိန်တွင် မြေယာပြုပြင်ပြီး အကွက်တစ်ကွက်လျှင် ကျပ်သိန်း ၁၀၀ မှ ၃၀၀ အထိ ပေါက်ဈေးရှိနေပြီဟု ဇုန်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌက ပြောသည်။

နဝဒေးတိုးချဲ့ စက်မှုဇုန်တွင် အမှုန့်ကြိတ်စက်၊ ရေသန့်စက်၊ ပဲခွဲစက်၊ ဆန်စက်၊ ကွန်ကရစ်ကျောက်တိုင် လုပ်ငန်းစသော အသေးစားစက်မှု လုပ်ငန်း ၂၄ ခုလည်ပတ်နေသည်။

No comments: