Wednesday, October 15, 2014

ဒေသဖွံ့ဖြိုးရေး ကျပ်သိန်းတစ်ထောင် နိုဝင်ဘာတွင် ချပေးမည်

ကျော်သူစိုး

ကလေးမြို့နယ်အတွက် ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေမှ ခွဲဝေပေးသည့် ဒုတိယမြောက် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ သိန်းတစ်ထောင်ကျပ်ကို လာမည့် နိုဝင်ဘာလတွင် ချပေးမည်ဟု စစ်ကိုင်းတိုင်း လွှတ်တော်အမတ် အချို့က ပြောသည်။

“အောက်တိုဘာ(၃၁) နောက်ဆုံးထားပြီး သိန်းတစ်ထောင်နဲ့ကိုက်ညီတဲ့ ဘက်ဂျက်ရေးဆွဲပြီး တင်ပေးရမှာပါ” တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းက ပြောသည်။

ရန်ပုံငွေကို သောက်သုံးရေရရှိရေး၊ လမ်းတံတားနှင့် အမှန်တကယ်လိုအပ်သည့် နေရာများတွင်သာ အသုံးပြုရန် စီစဉ်မည်ဟု ဆိုသည်။

“ ယခင်နှစ်က မပြီးပြတ်သေးတဲ့ လုပ်ငန်းလက်ကျန်တွေအတွက် သုံးစွဲခွင့်ရှိ၊ မရှိကိုတော့ မေးထားပါတယ်။ လုပ်ငန်းကော်မတီက စိစစ်ပြီးမှ သိရမှာပါ။ ပြီးခဲ့တဲ့နှစ်က မရတဲ့ ကျေးရွာတွေ၊ မြစ်သာမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေကို ဦးစားပေးသင့်ပါတယ်” ဟု ဦးခင်မောင်သန်းက ဆက်ပြောသည်။

အဆိုပါ ရန်ပုံငွေကို ပြည်ထောင်စုအစိုးရ စီမံကိန်းတွင် မပါဝင်သော ကဏ္ဍရပ်အလိုက် ကျပ်သိန်းငါးဆယ်ထက်မပိုဘဲ အုပ်ချုပ်ရေး၊ ရပ်မိရပ်ဖတို့နှင့် ပူးပေါင်းကာ အမတ်တို့ သုံးစွဲခွင့်ရှိသည်။

No comments: