Monday, October 20, 2014

မင်းဘူးမှာ နေစွမ်းအင်ရုံထားဖို့ မြန်မာ-ထိုင်း သဘောတူ

ABC

မြန်မာနိုင်ငံ ​လျှပ်စစ်စွမ်းအင်ဆိုင်ရာ ​ဝန်ကြီးဌာနနဲ့ ​ထိုင်းလျှပ်စစ်ကုမ္ပဏီတို့က ​မကွေးခရိုင် ​မင်းဘူးမြို့မှာ ​မီက္ကာဝပ် ​အင်အား ​၂၂၀ ​ထုတ်လုပ်နိုင်မယ့် ​နေစွမ်းအင်စက်ရုံ ​တည်ထောင်ဖို့ ​တရားဝင် ​သဘောတူညီမှု ​စာချွန်လွှာ ​လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ​နေစွမ်းအင်ကနေ ​စွမ်းအင်တွေ ​အမြဲတမ်း ​ရရှိနိုင်တဲ့ ​အခြေအနေရှိတာကြောင့် ​မြန်မာနိုင်ငံရဲ့ ​စွမ်းအင် ​လိုအပ်ချက်ကို ​ရေရှည်မှာလည်း ​ဖြေရှင်းပေးနိုင်မယ့် ​စွမ်းအင်ဖြစ်တယ်လို့ ​ထိုင်းနိုင်ငံ ​Green ​Earth ​Power ​ရဲ့ ​ညွန်ကြားရေးမှူးချုပ် ​ဦးအောင်သီဟက ​The ​Nation ​သတင်းကို ​ပြောသွားခဲ့ပါတယ်။

အဲဒီနည်းက ​ရေနံတွေ၊ ​ကျောက်မီးသွေးတွေ ​မလုံလောက်မှုတွေ ​ဖြစ်နေတဲ့အခါ ​နေစွမ်းအင်ကို ​အစားထိုး ​အသုံးပြုနိုင်မှာ ​ဖြစ်တယ်လို့လည်း ​ပြောပါတယ်။

ဆွေးနွေးမှုတွေ ​တနှစ်ခွဲလောက် ​အဆင့်ဆင့် ​ပြုလုပ်ပြီးပြီ ​ဖြစ်တဲ့အတွက် ​မကြာခင်မှာ ​စီမံကိန်း ​အကောင်အထည် ​စတင်ဖော်တော့မယ်လို့လည်း ​ဖော်ပြထားပါတယ်။

မင်းဘူးမြို့ ​နေစွမ်းအင် ​စက်ရုံက ​အကျယ်အဝန်းအားဖြင့် ​ဟက်တာ ​၃၄၄ ​လောက်ရှိမှာဖြစ်ပြီး ​နေပြည်တော်နဲ့ ​ကီလိုမီတာ ​၂၀၀ ​အကွာအဝေးလောက်မှာ ​ရှိတာ ​ဖြစ်ပါတယ်။

လပေါင်း ​၃၀ ​အတွင်း ​အဆင့်လေးဆင့်နဲ့ ​တည်ဆောက်သွားမှာဖြစ်ပြီး ​အဲဒီအတွက် ​ဒေါ်လာ ​သန်းပေါင်း ​၃၅၀ ​လောက် ​ကုန်ကျမယ်လို့ ​ခန့်မှန်းထားကြပါတယ်။

အဲဒီစီမံကိန်းကနေ ​လူပေါင်း ​၇၀၀ ​လောက်ကို ​အလုပ်အကိုင်ပေးမှာ ​ဖြစ်သလို ​အဲဒီစွမ်းအင်ကနေ ​ဒေသတွင်း ​စီးပွားရေးကို ​အထောက်အကူ ​ဖြစ်စေနိုင်တယ်လို့လည်း ​ဖော်ပြထားပါတယ်။

ဒီနေစွမ်းအင် ​စက်ရုံဟာ ​ကမ္ဘာ့ ​တတိယအကြီးမားဆုံး ​နေစွမ်းအင် ​စက်ရုံ ​ဖြစ်မယ်လို့လည်း ​မြဝတီ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

အခုလောလောဆယ် ​မြန်မာနိုင်ငံရဲ့ ​လျှပ်စစ်ထုတ်လုပ်နိုင်မှု ​ပမာဏာဟာ ​၂၅၀၀၀ ​မီက္ကာဝပ် ​အင်အားသာရှိပြီး ​၂၀၃၀ ​ပြည့်နှစ်မှာ ​၃၀၀၀၀ ​ထုတ်လုပ်နိုင်ဖို့ ​မြန်မာအစိုးရက ​ကြိုးစားနေတာ ​ဖြစ်ပါတယ်။

အခုလောလောဆယ် ​မြန်မာနိုင်ငံရဲ့ ​စွမ်းအင်ရဲ့ ​၇၀%ကို ​ရေအားပေးစက်ကနေ ​အများဆုံးရရှိတာဖြစ်ပြီး ​ဓာတ်ငွေ့ကနေ ​၂၀%နဲ့ ​ကျောက်မီးသွေးကနေ ​၁၀% ​လောက် ​ရရှိနေတာလို့လည်း ​သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ​လူဦးရေ ​တစ်ဝက်ကတောင် ​လျှပ်စစ်မီး ​မရှိပဲ ​နေထိုင်နေရတာဖြစ်ပြီး ​ကျေးလက်ဒေသမှာတော့ ​လူဦးရေ ​၄% ​လောက်ကသာ ​လျှပ်စစ်မီး ​ရရှိကြတယ်လို့လည်း ​ဆိုပါတယ်။

No comments: