Tuesday, October 28, 2014

နိုင်ငံတကာလုပ်ငန်းများ ဝင်ရောက်မြှုပ်နှံရာတွင် အဆောက်အအုံနှင့် မြေငှားရမ်းရာ၌ အခက်အခဲဖြစ်နေ

လပြည့်ဝန်း

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်ရာတွင် အဆောက်အအုံနှင့် မြေငှားရမ်းခြင်းများ တိုက်ရိုက်ဆက်သွယ် လုပ်ဆောင်ခွင့်မရှိခြင်းက ရင်းနှီးမြှုပ်နှံလို သူများအတွက် အကြီးမားဆုံး အခက်အခဲ ဖြစ်နေသည်ဟု ဆာဗေးမြန်မာ လီမိတက်မှ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာရစ်ချက်အီမာဆင်က ဝေဖန်ပြော ကြားသည်။

အောက်တိုဘာ ၂၄ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ပြုလုပ်သော မြန်မာနိုင်ငံ အဆင့်မြင့် အိမ်ရာတည်ဆောက်ရေး ကဏ္ဍရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မူဘောင် သတ်မှတ်ရေးနှင့်ပတ်သက်သည့် စာနယ် ဇင်းရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။

“တခြားနိုင်ငံတွေမှာ မြေတွေကို ရောင်း တာပဲဖြစ်ဖြစ်၊ ငှားတာပဲဖြစ်ဖြစ် ဈေးကွက်ထဲမှာပဲ ပြောကြတယ်။ မြေဈေးနဲ့ပတ်သက် ပြီး အစိုးရက သတ်မှတ်ထားတာလည်း မရှိသလို အစိုးရကနေလည်း တစ်ဆင့်ရောင်း တာတို့၊ ငှားတာတို့ လုပ်စရာမလိုဘူး။ ရောင်းသူနဲ့ ဝယ်သူကြားမှာ ပွင့်လင်းမြင် သာစွာပဲ ရောင်းဝယ်လို့ရ တယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံခြားလုပ်ငန်းများ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရာတွင် အစိုးရနှင့် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ချက်များကြောင့် အဓိကအခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ဆိုသည်။

“မြန်မာနိုင်ငံမှာတော့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ သတ်မှတ်ချက်တွေနဲ့ အစိုးရရဲ့ သတ်မှတ်ချက်တွေက မြေငှားတာတို့၊ အိမ်ငှားတာတို့တွေမှာ အခက်အခဲတွေရှိနေတယ်” ဟု ရစ်ချက်အီမာဆင် က ပြောသည်။

မြန်မာနိုင်ငံတွင် တိုက်ခန်းအဆောက် အအုံများနှင့် ပတ်သက်သော အခွင့်အရေးများကို ဥပဒေအရ ငှားရမ်းခြင်းအမျိုးအစား အဖြစ်သာ သတ်မှတ်ထားကြောင်း၊ အများအားဖြင့် မြေပိုင်ရှင်၊ တည်ဆောက်သူနှင့် တိုက် ခန်းဝယ်သူတို့၏ သဘောတူစာချုပ် အရသာ ဆောင်ရွက်ရခြင်းဖြစ်ပြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဌာနနှင့် စည်ပင်သာယာ ရေးအဖွဲ့များနှင့် ဆောင်ရွက်သည့် ဖက်စပ်လုပ်ငန်းများမှအပ အဆောက်အအုံနှင့် ပတ်သက်သည့် အခွင့်အရေးများကို ညီမျှစေရန် ဆောင်ရွက်ပေးမှုမရှိခြင်းနှင့် မှတ်ပုံတင်ထားခြင်း မရှိသလောက်ဖြစ်နေသည်ဟုလည်း အောက်တိုဘာ ၂၄ ရက်က ထုတ်ပြန်လိုက်သော နိုင်ငံတကာအခြေစိုက် ဥပဒေ ရေးရာနှင့် အမြတ်ခွန်အတိုင်ပင်ခံကုမ္ပဏီ VDB Loi ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

အဆိုပါအစီရင်ခံစာတွင် အိမ်ရာတည်ဆောက်ရေး ကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ကောင်းမွန်သော လက္ခဏာဖြစ်လာသော်လည်း မြေငှားရမ်းမှု အခွင့်အရေးများသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ မူဝါဒနှင့် ကော်မရှင်၏ စိစစ်မှုကို မလိုက်နာနိုင်သောကြောင့် မြေငှားရမ်းလိုသည့် လျှောက်ထားသူများသည် အကြီးစား အိမ်ရာစီမံကိန်းများအနက်မှ ငါးရာခိုင်နှုန်းထက် မကျော်သော အရေအတွက်သာလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုထားကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

No comments: