စည်သူမောင်မောင်
ငပုတောမြို့နယ်၊ ကာယကော်မတီ ဖလားဘောလုံးပြိုင်ပွဲတွင် ဂိုးသွင်းယူပြီး အောင်ပွဲခံနေစဉ် အရန်ကစားသမားတစ်ဦးကို ရိုက်နှက်ခဲ့သည့် ငပုတောမြို့မရဲစခန်းမှ ရဲအုပ်အား အရေးယူမည်ဟု ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး အောင်နိုင်မိုးက အောက်တိုဘာ ၂၀ ရက်တွင် ပြောသည်။
“ဖြစ်စဉ်အမှန်ကို စုံစမ်းပြီးတော့ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနှင့်အညီ ဆောင်ရွက်သွားမှာပါ။ စုံစမ်းစစ်ဆေး ရေးခုံရုံးလုပ်ဖို့ လုပ်ဆောင်ထားပါတယ်” ဟု ဒုရဲမှူး အောင်နိုင်မိုးက ဆိုသည်။
အောက်တိုဘာ ၁၇ ရက်က ကစားခဲ့သည့် သက္ကယ်ချောင်းကျေးရွာအုပ်နှင့် တောင်ကလေးကျေးရွာအုပ်စုတို့ ဘောလုံးပြိုင်ပွဲတွင် ဂိုးသွင်းယူပြီး အောင်ပွဲခဲ့နေသည့် တောင်ကလေးကျေးရွာအုပ်စုမှ အရန်ကစားသမား ဘိုဘိုမင်းကို ရဲအုပ်ဝင်းသန်းက ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။
“တစ်ဖက်နဲ့တစ်ဖက် ရန်ဖြစ်တာမျိုးမဟုတ်ဘဲ ပွဲပြီးခါနီး ၁၅မိနစ်အလိုမှာ ဂိုးသွင်းသွားတဲ့ တောင်ကလေး အသ င်း အောင်ပွဲခံနေချိန်မှာ ရဲအုပ်ဝင်းသန်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေက နံပတ်တုတ်တွေနဲ့ ကွင်းအတွင်း ၀င်ရောက်သူတွေ ကို ရိုက်တယ်။ ဒါကို တားမြစ်တဲ့ အရန်ကစားသမားပါ အရိုက်ခံရတာ” ဟု တောင်ကလေးကျေးရွာအုပ်စု ဘော လုံးအသင်း အုပ်ချုပ်သူ ဦးညွန့်ကြည်က ပြောသည်။
အရိုက်ခံရသည့် အရန်ကစားသမား ဘိုဘိုမင်းမှာ လည်ပင်းတစ်ဝိုက် ညှိမဲစွဲဒဏ်ရာနှင့် ဦးခေါင်း တချက်ချုပ် ရသည်ဟု ဆေးမှတ်တမ်းတွင် ဖော်ပြထားသည်။ ၄င်းသည် အောက်တိုဘာလ ၁၇ရက်မှ ၂၀ ရက် အထိ ပုသိမ်ဆေးရုံကြီးတွင် ကုသမှုခံယူခဲ့ရသည်။
ယခုဖြစ်စဉ်အပေါ် ရဲအုပ်ဝင်းသန်းထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ အလုပ်များနေသည်ဟုဆိုကာ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခဲ့ခြင်းမရှိပေ။
ရဲတပ်ဖွဲ့၏ လုပ်ရပ်အပေါ် တိုင်းဝန်ကြီးချုပ်ထံ စာဖြင့် တိုင်ကြားသွားမည်ဟု တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက ပြောသည်။
“ပရိတ်သတ်ရန်ဖြစ်တာမျိုးလည်းမဟုတ်ဘူး။ ပွဲထိန်းဖို့ထက် ပွဲဖျက်ဖို့အဓိကလုပ်သွားတာပါ” ဟု ၎င်းက ဆိုသည်။
No comments:
Post a Comment