ယုဝေ
၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း လူကုန်ကူးမှု ၁၃ မှု ဖြစ်ခဲ့ပြီး တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသည့် ဖြစ်စဉ်မှာ ၁၀ မှုပါဝင်သည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်တွင် ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။
စက်တင်ဘာလအတွင်း လူကုန်ကူးခံရသူ ၂၀ ဦးကို ကယ်တင်နိုင်ခဲ့သည်။ သို့သော် အမျိုးသမီး သုံးဦးကို ကယ်တင်နိုင်မှု မရှိသေးဘဲ တရားခံ ၉ ဦးမှာ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်သည်ဟု စာရင်းဇယားများတွင် ဖော်ပြထားသည်။
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူး မင်းနိုင်က “ကိုယ်အလုပ်သွားလုပ်မယ့် နေရာကို ပြည်တွင်း၊ ပြည်ပ ဘယ်နေရာပဲဖြစ်ဖြစ် သေချာစုံစမ်းဖို့လိုပါမယ်။ အဓိကက တရုတ်နိုင်ငံကိုသွားပြီး အလုပ်လုပ်မယ်ဆိုရင် ဒီလိုကိစ္စတွေ ဖြစ်လာနိုင်တယ်ဆိုတာ တွေးထားဖို့လိုတယ်။” ဟုပြောသည်။
လူကုန်ကူးခံရသည့် လူများတွင် ငွေရေးကြေးရေး အခက်အခဲကြောင့် လူကုန်ကူးခံခြင်းကို လက်ခံသည့် သူများလည်း ရှိသည်ဟု ၎င်းက ပြောသည်။
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ စက်တင်ဘာလအတွင်း အဓမ္မလက်ထပ်ရန် လူကုန်ကူးခံရမှု ၁၀ မှု၊ အဓမ္မခိုင်းစေရန် လူကုန်ကူးခံရမှု ၂ မှု၊ ပြည့်တန်ဆာပြုရန် လူကုန်ကူးခံရမှု ၁ မှု ရှိသည်။
လူကုန်ကူးမှု အဖြစ်အများဆုံးနေရာမှာ ရှမ်းပြည်နယ်ဖြစ်ပြီး အမှု ၇ မှုရှိသည်။ ဒုတိယအများဆုံး ဖြစ်ပွားသည့် ဒေသမှာ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဖြစ်ပြီး အမှုပေါင်း ၂ မှုစီ ဖြစ်ပွားခဲ့သည်။
စက်တင်ဘာလအတွင်း ရှမ်းပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုများသည် တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ရန် လူကုန်ကူးခံရမှုများဖြစ်သည်ဟု ဒု-ရဲမှူး မင်းနိုင်က ဆက်လက်ပြောကြားသည်။
၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအထိ လူကုန်ကူးခံခဲ့ရသူ ၁၇၆ ဦးအနက် ၁၂၉ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၅၁ ဦးကိုမူ ကယ်တင်နိုင်ခြင်း မရှိသေးပေ။ ပြည်တွင်းတွင် ဖြစ်ပေါ်သော လူကုန်ကူးမှုများတွင် တရုတ်နိုင်ငံသို့ အဓမ္မ လက်ထက်ရန် လူကုန်ကူးခံရသူ ဦရေ အများဆုံးဖြစ်ပြီး ၅၉ မှုအထိရှိသည်။ ၉ လအတွင်း လူကုန်ကူးမှုဖြင့် အမှုဖွင့်ခံထားရသူ ၁၄၄ ဦးကို ဖမ်းမိထားပြီး ၆၆ ဦးမှာ ထွက်ပြေးတိမ်းရှောင် နေခြင်းဖြစ်သည်။
No comments:
Post a Comment