Saturday, October 4, 2014

တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေးကို မထိခိုက်နိုင်ဟု နှစ်ဖက်သုံးသပ်

Mizzima

ရှမ်းတောင်ပိုင်း၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာ လဆန်းပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ယင်းတိုက်ပွဲများကြောင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်နေသည့် လုပ်ငန်းစဉ်ကို ထိခိုက်ရန် မရှိဟု နှစ်ဖက် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်နေသူများက သုံးသပ်သည်။

လတ်တလောတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ် နယ်စပ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း တို့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) အဖွဲ့ဝင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA/KIO) ၊ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်(DKBA) နှင့် NCCT အဖွဲ့ဝင် မဟုတ်သော်လည်း ပဏာမအဆင့် အပစ်ရပ်စဲရေး လတ်မှတ်ရေး ထိုးထားသည့် ရှမ်းပြည် တိုးတက်ရေး ပါတီ/ ရှမ်းပြည် တပ်မတော်(SSPP/SSA) တို့နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲများ စက်တင်ဘာ ၂၆ရက်မှ စတင်ကာ ဖြစ်ပွားနေခြင်းဖြစ်သည်။ ယင်းတိုက်ပွဲများကြောင့် နှစ်ဖက် ကျဆုံးမှုအချို့ရှိကြောင်း နှစ်ဖက်တာဝန်ရှိသူများက ဆိုကြသည်။

NCCTမှ ဒုတိယအဖွဲ့ခေါင်းဆောင်၊ ကရင်အမျိုးသား အစည်းအရုံး၏ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက "ကျွန်တော်တို့ (KNU) နဲ့ စစ်တပ်မှာ တိုက်ပွဲတွေ ရှိပါတယ်။ ကျွန်တော်တို့က သူများလို မအော်လို့ပါ။ ကျော်လာရင်တောကိုယ့်ကိုကိုယ် ကာကွယ်တဲ့ တိုက်ပွဲမျိုးတွေ ရှိတယ်။ ဝိုင်းအော်ပြီးတော့ တိုက်ပွဲ ပြန်စဖို့ နှိုးဆော်တဲ့ အဖြစ်မျိုး မဖြစ်စေချင်ဘူး" ဟု ပြောသည်။

ယင်းတိုက်ပွဲများကြောင့် ငြိမ်းချမ်းရေးကို မထိခိုက်ဟု ဆိုသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ယုံကြည်မှု တည်ဆောက်ရေးတွင်မူ စိုးရိမ်မှုများ ရှိနေသည်ဟု ဆိုသည်။ ယင်းတိုက်ပွဲများကြောင့် ဒေသခံပြည်သူများလည်း ထွက်ပြေးနေရှောင်နေရဆဲဖြစ်သည်။

No comments: