Sunday, October 26, 2014

စစ်တပ် သတ်ဖြတ်မှုကြောင့် ကိုပါကြီးသေဆုံးမှု ပြန်လည် စစ်ဆေးပေးရန် တောင်းဆို

မင်းဟိန်းထက်

စစ်တပ်၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် နိုင်ငံရေးနောက်ခံရှိသူ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးခဲ့သည့်ဖြစ်စဉ်တွင် သံသယ ဖြစ်စရာအချက်များ ရှိနေသောကြောင့် အမှုမှန်ပေါ်ပေါက်ရန် ပြန်လည် စစ်ဆေးပေးစေလိုကြောင်း ဥပဒေပညာရှင်နှင့် လူ့အခွင့်အရေး တောင်းဆိုလှုပ်ရှားသူများ က တောင်းဆိုလိုက်သည်။

ကိုပါကြီးသည် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့၏ ကလို့ထူးဘော ကရင်အစည်းအရုံး (KKO) စောဆန်းအောင်အဖွဲ့မှ ဗိုလ်ကြီးအဆင့် ပြန်ကြားရေး တာဝန်ခံတစ်ဦးဖြစ်ပြီး တပ်မတော်က ဖမ်းဆီးထားစဉ် ကင်းစောင့်စစ်သားထံမှ လက်နက်လုယူ ထွက်ပြေးသောကြောင့် ကင်းစောင့်စစ်သားက ပစ်ခတ်ဖမ်းဆီးရာတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု ကာကွယ်ရေးဌာနမှ အောက်တိုဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

စစ်တပ်၏ ထုတ်ပြန်ချက်အရ ကိုပါကြီးသည် အလွတ်သတင်းထောက်တစ်ဦး မဟုတ်ဘဲ လက်နက်ကိုင် အဖွဲ့ဝင်ဖြစ်နေလျှင်လည်း စစ်သုံ့ပန်းတစ်ဦးဖြစ်နေသောကြောင့် အသက်သေသည်အထိ မလုပ်သင့် ကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။

“စဖမ်းကတည်းက ဥပဒေနဲ့ညီတာ မရှိခဲ့ဘူး။ သံသယဖြစ်စရာတွေကလည်း အများကြီး။ ဥပဒေအထက်မှာ ဘယ်သူမှ ရှိမနေသင့်တဲ့အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး အရေးယူပေးဖို့တောင်းဆိုချင်ပါတယ်”ဟု ၎င်းက ပြောသည်။၊

စက်တင်ဘာ ၃၀ တွင် ကိုပါကြီးအား ကျိုက်မရောမြို့ လှေဆိပ်တွင် ဖမ်းဆီးခဲ့သော်လည်း ရဲစခန်းတွင် အမှုမဖွင့်ခြင်း တရားရုံးတွင် ဖမ်းဆီးခွင့် ရမန်မယူသည့် အပြင် အောက်တိုဘာ ၄ ရက်တွင် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး အလောင်းအား သင်္ဂြိုဟ်ခဲ့သော်လည်း သတင်း ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ သီတင်းသုံးပတ်နီးပါး ကြာမှ သတင်းထုတ်ပြန်၊ြ၊ခင်းသည် သံသယဖြစ် စရာများရှိနေကြောင်း လူ့အခွင့်အရေး ဆောင်ရွက်ပေးနေသူ Equallity Myanmar အဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဆိုသည်။၊

“စစ်တပ်က မရိုးသားမှုတွေရှိနေတယ်ဆိုတာ သံသယဖြစ်စရာတွေ အကြောင်းအရင်းတွေက ခိုင်လုံနေပါ တယ်” ဟု ၎င်းကပြောသည်။

DKBA အဖွဲ့၏ (KKO) အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံဟု ကာကွယ်ရေးဌာနမှ ထုတ်ပြန်ထားသော်လည်း ကိုပါကြီးမှာ ၎င်းတို့၏ မည်သည့်အဖွဲ့နှင့်မှ သက်ဆိုင်ခြင်းမရှိကြောင်း DKBA စစ်ဌာနချုပ် ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းထွန်းက မဇ္ဈိမကို အတည်ပြုပြောဆိုသည်။

“KKO ကလက်နက်ကိုင်အဖွဲ့ မဟုတ်သလို ပြန်ကြားရေးဌာနလည်း မရှိပါဘူး။ ကိုပါကြီးနဲ့က ပုဂ်္ဂိုလ်ရေးအရ ရင်းနှီးမှုတော့ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ပျောက်ဆုံးသွားခဲ့သော ကိုပါကြီး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့မရဲ စခန်းတွင် အောက်တိုဘာ ၁၉ ရက်က ကိုပါကြီး ပျောက်မှုဖြင့် အမှုဖွင့် တိုင်ကြားခဲ့ရာတွင် ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာအပြည့်နှင့်ကိုပါကြီးကို တွေ့ ခဲ့သည်ဟု ရဲစခန်းမှ တပ်ကြပ် တစ်ဦးက ပြောဆိုခဲ့ကြောင်း ရန်ကုန်မြို့တွင် အောက်တိုဘာ ၂၁ ရက်က ကျင်းပခဲ့သည့် သတင်းစာရှင်းပွဲ တွင် ကိုပါကြီး၏ဇနီးဖြစ်သူ မသန္တာက ပြောကြားခဲ့သည်။

ကိုပါကြီး ပျောက်ဆုံးနေသည်ကို လိုက်ရှာနေသူ မသန္တာက စိုးရိမ်မှုများရှိနေပြီး စစ်တပ်က ဖမ်းဆီးထား သောကြောင့် ကိုပါကြီး အသက်ရှင်ရေးကို စိတ်ပူပန်နေကြောင်း ယင်းနေ့က မျက်ရည်လည်ရွဲဖြင့် ပြောခဲ့သည်။


ကိုပါကြီး သေပြီ၊ ဘာလုပ်ကြမလဲ

ဖြစ်စဉ်တစ်ခုလုံးသည် သံသယဖြစ်စရာ အကြောင်းများရှိနေပြီး စစ် တပ်က နိုင်ငံသားတစ်ဦးကို ဥပဒေမဲ့ လုပ်ဆောင်ခဲ့ခြင်းအပေါ် ရှုတ်ချလိုက်၍ ပွင့်လင်းမြင်သာစွာ စုံစမ်း ဖော်ထုတ်ပေးရန်နှင့် ပြစ်မှုကျူးလွန်သူ များအား တရားဥပဒေအရ အရေးယူပေးရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက အောက်တိုဘာ ၂၄ ရက် တွင် ကြေညာချက်ထုတ် တောင်းဆိုလိုက်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က လည်း နိုင်ငံသားတစ်ဦးအပေါ် စစ်တပ်၏ လက်လွတ်စပယ် လုပ်ခဲ့မှုအပေါ် ဝေဖန်လိုက်ပြီး အမှုကိုပြန်စစ်ဆေးပေးရန်တောင်း ဆိုလိုက်သည်။


သတင်းထောက်အတွက် ဆန္ဒပြမည်

ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးသည် နယ်စည်းမခြား သတင်းထောက်ကတ် ကိုင်ထားသူ အလွတ်သတင်းထောက် တစ်ဦးဖြစ်ပြီး၊ အောင်ကြီး၊ ပါကြီး အမည်များဖြင့် နယ်စပ်ဒေသသတင်းဓာတ်ပုံများ သတင်းဆောင်းပါးများကို ပြည်တွင်းပြည်ပ သတင်းဌာနများသို့ ပေးပို့နေသူတစ်ဦးဖြစ်ကြောင်း မွန်ပြည် နယ်နှင့် ကရင်ပြည်နယ်ရှိ သတင်းထောက်များက သက်သေခံနိုင်ကြောင်း မြန်မာပို့စ် ဂလိုဘယ်ဂျာနယ်မှ ဘားအံ သတင်းထောက် ကိုဇော်ရဲထက်က မဇ်္ဈိမကို ပြောသည်။

ကိုပါကြီးအသတ်ခံရမှုအတွက် အစိုးရမှ ဖြေရှင်းပေးရန်နှင့် စစ်တပ်ကို အရေးယူပေးရန် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ သတင်းထောက်များက ဆန္ဒပြရန် စီစဉ်နေသည်။

ရန်ကုန်မြို့တော်တွင်လည်း အောက်တိုဘာ ၂၆ ၌ မြို့တော်ခန်းမရှေ့တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ က ဆန္ဒပြတောင်းဆိုကြမည်ဟု မဇ္ဈိမက စုံစမ်းသိရသည်။

No comments: