Friday, October 24, 2014

ကေအင်န်ယူတပ်သား သေဆုံးမှု ပြေလည်ပြီ

ကြယ်ပြာ

ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့ဝင် အချို့ကြောင့် သေဆုံးခဲ့ရသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်သားကိစ္စ နှစ်ဖက်ခေါင်းဆောင်များအကြား ပြေလည်စွာ ဖြေရှင်းနိုင်ခဲ့ပြီဟု KNU ဗိုလ်မှူးကြီး စောဖောဒိုက မဇ္ဈိမကို ပြောသည်။

တွေ့ဆုံပွဲကို သေဆုံးသူတပ်သား၏ ဌာနဖြစ်သော KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၆ ရှိရာ သင်္ကန်းညီနောင် ရှိ ကွင်းကလေးစခန်းတွင် အောက်တိုဘာ ၂၂ ရက်က ပြုလုပ်ခြင်းဖြစ်သည်။

BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ KNLA တပ်မဟာ (၆) ၏ အထူးစစ်ကြောင်းမှူး ဗိုလ်လှမင်းနှင့် KNU စစ်ဦးစီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောဖောဒိုတို့ တက်ရောက်ဆွေးနွေးကြခြင်း ဖြစ်သည်။

“ဖြစ်ခဲ့ပြီးဆိုတော့ အားလုံးကလည်း နားလည်ပါတယ်။ ကောင်းရာကောင်းကြောင်းဖြစ်ဖို့ကိုလည်း ထပ်ညှိနှိုင်းခဲ့ကြတာပါ” ဟု ဗိုလ်မှူးကြီး စောဖောဒိုက ပြောသည်။

စက်တင်ဘာလ ၂၁ ရက်က KNLA တပ်သား စောတာနိုးသည် လက်နက်အပြည့်အစုံဖြင့် တပ်မဟာ (၆) သို့ ပြန်လာစဉ် BGF ဂိတ်စခန်းတစ်ခုနှင့် အငြင်းပွားမှုဖြစ်ရာမှ သေဆုံးခဲ့သည်။

No comments: