Tuesday, October 21, 2014

နိုင်ငံပိုင် ရေထွက်လုပ်ငန်း နေရာများ ငှားရမ်းမည်

သီဟကိုကို

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနပိုင် စက်ရုံ၊ လုပ်ငန်းနှင့် မြေနေရာတို့ကို ပြည်တွင်း ပုဂ္ဂလိကသို့ နှစ်ရှည်ငှားရမ်းမည်ဖြစ်ရာ လုပ်ငန်းရှင်များကို အောက်တိုဘာ ၁၇ ရက်တွင် စတင်ဖိတ်ခေါ်ထားသည်။

ယင်းစက်ရုံလုပ်ငန်းများနှင့် မြေနေရာများကို ပြည်တွင်းလုပ်ငန်းရှင်နှင့် ကုမ္ပဏီများကို ဘီအိုတီစနစ်ဖြင့် နှစ်ရှည်ငှားရမ်းမည်ဖြစ်ရာ လုပ်ငန်းရှင်များ အနေဖြင့် စိတ်ပါဝင်စားမှုဖော်ပြချက် (Expression of Interest-EOI) အဆိုပြုလွှာများကို ငါးလုပ်ငန်းဦးစီးဌာနသို့ တင်သွင်းရမည်ဖြစ်သည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ မြေအကျယ်အ၀န်း နှစ်ဧကကျော်ရှိသော ကျောက်ဖြူအအေးခန်းနှင့် ရေခဲစက်ရုံလုပ်ငန်း၊ သံတွဲမြို့နယ်ရှိ မြေအကျယ် ခြောက်ဧကကျော်သော လုံးချင်းပုစွန်သားဖောက် လုပ် ငန်း၊ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ရှိ မြေအကျယ် သုံးဧကကျော်ရှိသော ညောင်ရွှေ ရေခဲစက်ရုံလုပ်ငန်း၊ ရန်ကုန်တိုင်း မှော်ဘီ မြို့နယ်၊ လှပဒါးကျေးရွာရှိ မြေအကျယ် ဧက ၁၄၀ ကျော်တို့ကို ငှားရမ်းလုပ်ကိုင်ခွင့် ပြုမည်ဖြစ်သည်။

ယင်းလုပ်ငန်းများကို စိတ်ဝင်စားသည့် ပြည်တွင်းလုပ်ငန်းရှင်နှင့် ကုမ္ပဏီများက ပေးပို့လာသည့် အဆိုပြု လွှာများကို အခြေခံကာ တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီမှ လုပ်ငန်းအလိုက် ဒုတိယအဆင့် အိတ်ဖွင့် တင်ဒါ ထပ်မံခေါ်ယူသွားမည်ဖြစ်သည်။

ပြည်တွင်းလုပ်ငန်းရှင်နှင့် ကုမ္ပဏီများမှ မိမိတို့စိတ်ဝင်စားကြောင်း အဆိုပြုလွှာများကို နိုဝင်ဘာ ၁၁ ရက် တွင် နောက်ဆုံးထား တင်သွင်းရမည် ဖြစ်သည်။

မွေးရေ/ကျေးလက်ဝန်ကြီးဌာနပိုင် မွေးမြူရေးခြံနှင့် စက်ရုံ ၄၅ ရုံ ကို ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းသည့် စနစ်ဖြင့် နှစ်ရှည် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး စိတ်ဝင်စားသည့် လုပ်ငန်းရှင်များကိုလည်း အဆိုပြုလွှာများ ခေါ်ယူထားသည်။

No comments: