Friday, October 24, 2014

သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့် နှလုံးရောဂါကုသရန် အထူးလိုအပ်နေ

အောင်သူရထွန်း

နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ယုံကြည်အပ်နှံအလွဲသုံးမှုတို့ဖြင့် ထောင်ဒဏ် ၁၃ နှစ် ပြစ်ဒဏ်ကျခံနေရသော သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်သည် ရမည်းသင်း အကျဉ်းထောင်တွင် နှလုံးရောဂါ ခံစားနေရသည့်အတွက် ကုသရန် အထူးလိုအပ်နေသည်ဟု ၎င်း၏ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက အတည်ပြုပြောသည်။

“အောက်တိုဘာလ ၂၂ ရက်နေ့က ရမည်းသင်းအကျဉ်းထောင်ကို သွားတွေ့တယ်၊ တွေ့ခွင့်လည်း ရခဲ့ပါတယ်၊ ကျန်းမာရေး အခြေအနေကတော့ နှလုံးရောဂါကြောင့် မောနေတယ်လို့ ပြောတယ်၊ အထဲမှာ ဆေးကုသခွင့်ရအောင် ကြိုးစားမယ်လို့လည်း ကျွန်တော့်ကိုပြောပါတယ်” ဟု ဦးတင်ထွန်းက မဇ္ဈိမကို ပြောသည်။

ဦးဆန်းဆင့်အား ထောင်ဒဏ် ၁၃ နှစ် အပြစ်ပေးခဲ့ခြင်းကြောင့် ကျေနပ်မှုမရှိသည့်အတွက် မန္တလေးတိုင်း တရားလွှတ်တော်သို့ အယူခံအား လာမည့် ရက်သတ္တပတ်အတွင်း တင်မည်ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။

ရှေ့နေဦးတင်ထွန်းက “အယူခံဝင်ဖို့ စာရွက်စာတမ်း အစုံရပြီ၊ နောက်တစ်ပတ်ထဲလောက် တင်ဖြစ်မယ်၊ မကျေနပ်လို့ အယူခံတာကို၊ ကျေနပ်မှတော့ ငြိမ်နေမှာပေါ့” ဟု ဖြေကြားသည်။

ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်စဉ်ကတည်းက နှလုံးရောဂါ၊ ကျီးပေါင်းရောဂါနှင့် မျက်စိဝေဒနာတို့ ခံစားနေရသော ဦးဆန်းဆင့်သည် တရားရုံးတက်အမှု ရင်ဆိုင်နေစဉ်ချိန်မှာပင် နှလုံးရောဂါကြောင့် အရေးပေါ် ကုသမှု နှစ်ကြိမ်ခန့် ကုသခဲ့ရသည်။

ဒက္ခိဏခရိုင်တရားရုံး၌ သတ္တမအကြိမ်မြောက် ရုံးချိန်းမတက်မီ ရမည်းသင်းအကျဉ်းထောင်တွင် အသက်ရှုမဝ သဖြင့် အောက်ဆီဂျင် အကူအညီပေးခဲ့ရပြီး သြဂုတ်လ ၂၂ ရက် ရုံးချိန်းတွင်လည်း တရားခွင်အတွင်း အမောဖောက်လာသဖြင့် အမှုစစ်ဆေးခြင်း ရပ်ဆိုင်းကာ နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံမှ အထူးကု ဆရာဝန်ကြီးများ အရေးပေါ်ကုသပေးခဲ့ရဖူးသည်။

No comments: