သီဟကိုကို
ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံခြားသားခရီးသွားများကို တင်ဆောင်လာသည့် ကမ္ဘာလှည့် ခရီးသွားသင်္ဘော ခုနစ်စင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသက်လွင်တိုးက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် ခရီးသွားရာသီမှ စတင်ကာ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားရာချီ ပါဝင်သည့် ကမ္ဘာလှည့် ခရီးသွားသင်္ဘောကြီးများ စတင်လာရောက်မှု များပြားခဲ့ပြီး ယခုနှစ် အောက်တိုဘာလကုန်ပိုင်းမှ ဒီဇင်ဘာ လအထိ ကမ္ဘာလှည့်ခရီးသွားသင်္ဘောကြီးများ ဆက်တိုက်ဝင်ရောက်လာမည့်အစီ အစဉ်များရှိသည်ဟု ၎င်းက ဆိုသည်။
အောက်တိုဘာ ၃၁ ရက်တွင် ကမ္ဘာလှည့်ခရီးသွား သင်္ဘောတစ်စင်း စတင်လာရောက်မည်ဖြစ်ပြီး နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ကမ္ဘာလှည့်ခရီးသွားသင်္ဘောများ ဆက်လက်ဝင်ရောက်လာမည်ဖြစ်ကာ ၂၀၁၄ ခုနှစ် တစ်နှစ်လုံးတွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားသင်္ဘော လာရောက်မှုမှာ အစင်း ၂၀ ခန့်ရှိလာမည်ဖြစ်သည်။
၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားသင်္ဘော ၂၇ စင်း လာရောက်ရန် စီစဉ်ထားပြီး ၂၀၁၆ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား သင်္ဘော ၁၅ စင်း လာရောက်ရန် ကြိုတင်စာရင်းရရှိထားသည်ဟု ဦးသက်လွင်တိုးက ဆိုသည်။
မြန်မာနိုင်ငံသို့ ရေကြောင်းဖြင့် နိုင်ငံခြားသား ခရီးသွားများ လာရောက်မှုသည် လေကြောင်းနှင့် နယ်စပ် ၀င်ပေါက်များမှ လာရောက်မှုထက် တိုးတက်မှုနှုန်း အမြင့်ဆုံးဖြစ်နေပြီး ရေကြောင်းဖြင့် ခရီးသွားလာ ရောက်မှု ၆၀၀ ရာခိုင်နှုန်းကျော်ရှိနေသည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးလုပ် ငန်းဝန်ကြီးဌာနက တွက် ချက်ထားသည်။
၂၀၁၃ ခုနှစ်တွင် ရေကြောင်းဖြင့် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွား ၁,၅၅၂ ဦး လာရောက်ခဲ့ရာမှ ၂၀၁၄ နှစ်မကုန်ခင်တွင်ပင် နိုင်ငံခြား ခရီးသွား ၁၁,၀၅၃ ဦးရေအထိ လာရောက်ခဲ့ပြီး ယခင်နှစ်ထက် ၉,၅၀၁ ဦး အထိ တိုးတက်များပြားလာခဲ့သည်။
၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းခန့်တွင် မြန်မာနိုင်ငံသို့ ရေကြောင်းဖြင့် ကမ္ဘာလှည့်အပျော် စီးသင်္ဘော ၁၀ စင်း ခန့် ၀င်ရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ယခင်နှစ်ထက် ကမ္ဘာ လှည့်သင်္ဘောများဖြင့် ခရီးသွားလာရောက် မှုမှာ နှစ်ဆခန့်မြင့်တက်ခြင်းဖြစ်သည်ဟု ခရီးသွားလုပ်ငန်းရှင်များက ဆိုသည်။
No comments:
Post a Comment